Showing posts with label ခံစားမှုသက်သက်. Show all posts
Showing posts with label ခံစားမှုသက်သက်. Show all posts

Sunday, August 22, 2010

ခံစားမှု (၃)

သူ ...“သူ” ဆိုတာ “သူ” ပါပဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ “သူ” ဖြစ်စေချင်ခဲ့တယ်။ မဆန်းပါဘူး လက်ထဲက ရေတွက်ခွင့်မရတဲ့ မျှော်လင့်ချက်ကို တမ်းတမက်မော လူတိုင်းမျောမိကြမှာပါ။ အေးစက်ဝင်းမြနေတဲ့ စကားစိုစိုတွေကို ကျွန်တော်မပြောတတ်ပါဘူး။ ချစ်တယ်..ချစ်ပါတယ် အဲဒီစကားဟာ ကျွန်တော့်ရင်ဘတ်က ကြားရုံလောက်သာ ပြောနေမိတယ်။ မလှောင်ကြပါနဲ့လို့ ပြောပါရစေ။ “လမ်းဘေးက သူတောင်းစားလည်း နတ်သမီးအိပ်မက် မက်ခွင့်ရှိတယ်တဲ့” ဆရာတာရာမင်းဝေက ပြောဖုးတယ်။ ဟုတ်တယ် မက်ခွင့်ရှိတယ်၊ စိုးမိုးပိုင်ခွင့်လည်း ရှိပါတယ်။

အချစ်ရဲ့ ဒသနဗေဒကို တချို့က ဒီလိုဖွင့်ဆိုကြတယ်။ အချစ်သည် လူတစ်ယောက်ကို ရူးသွပ် သွားစေနိုင်သည်တဲ့၊ အချစ်ခံရလို့ ရူးသွပ်နိုင်တယ်။ အချစ်မခံရလို့ ရူးသွပ်နိုင်တယ်။ မချစ်ရလို့လည်း ရူးသွပ်နိုင်တယ်တဲ့။ အဟား ... ဟား ... အဲလိုမရီပါဘူး။ ရီဖို့လည်း စိတ်မကူးဘူး။ ပြုံးတော့ ပြုံးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘာမှမဟုတ်ပဲ ရူးသွပ်နေလို့လေ။ တကယ်ဆို ကျွန်တော်လည်း ဖွင့်ဆိုပြချင်တယ်။သူ့ကို ဘယ်လောက် ချစ်လဲဆိုတာ ...

လေပြေတွေ သုတ်မြူးဆော့မြူလာတိုင်း လွင့်စင်ဖိတ်ကျလာတဲ့ ဆံနွယ်သင်းနံ့လေးကို ချစ်တယ်။ 

ပါးပြင်က ကြွလှနေတဲ့ သနပ်ခါးပါးပါးတွေကို ချစ်တယ်။

ဝိုင်းစက်ကြွယ်မြနေတဲ့ ရွှန်းရွှန်းစို မျက်လုံးလေးတွေကို ချစ်တယ်။ 

ကော့ညွှတ်တိမ်းယိမ်းနေတဲ့ မည်းနက်နက် မျက်ခုံးလေးကို ချစ်တယ်။ 

ဖြောင့်စင်းသွယ်တန်းနေတဲ့ နှာတံလှလှလေးကို ချစ်တယ်။ 

ပြုံးလို်က်တိုင်း (မပြုံးလည်းပဲ) ပေါ်လာတဲ့ ဖြူစင်တဲ့ သွားတန်းလေးကို ချစ်တယ်။ 

လေးကိုင်းလို ညွှတ်ကျနေတဲ့ နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်။ 

မူယာကြော့ရှင်းနေတဲ့ လည်တိုင်လှလှကိုလည်း ချစ်တယ်။ 

သူ့ဆီက ထွက်လာတဲ့ ကိုယ်သင်းနံ့လေးကိုတောင် ချစ်တယ်ဗျာ။ 
(ဆက်ဖော်ပြလို့ မဖြစ်တော့ဘူးထင်တယ်) ဒီမှာပဲ ချစ်တာကို ရပ်တယ်ဗျာ။

တကယ်တော့ အချစ်ဆိုတာ မြတ်နိုးခြင်းတမျိုးတဲ့ (ကျွန်တော်ပြောတဲ့ စကားပါ)။ အဲလိုပဲ သူ့ကို ကျွန်တော်အရမ်း မြတ်နိုးတယ်။ သူကြောင့်ပဲ ညဉ့်နက်သန်းခေါင်တိုင် ကျွန်တော့ ကောင်းကင်မှာ လကွယ်နေခဲ့တယ်။ တခါတခါဆို များပြားလှတဲ့ ကြယ်တွေကို ရေတွက်နေခဲ့မိတယ်။ ပြီးတော့ အတွေးတွေ ပွားမိတယ်။

ပထမဆုံးတွေးမိတာက အိုရီယွမ် (မောင်ရင်ဆိုင်းထမ်းကြယ်) ပေါ့။ သူတို့ ချစ်သူနှစ်ယောက်က သနားဖို့ ကောင်းလိုက်တာ။ သေကွဲခွဲရတာတောင် ရာဇ၀င်မှာ ၀ါးဆစ်သုံးဆစ်နဲ့ အခြားခံရတယ်။ ဒါဆိုရင် သိပ်ချစ်ကြပြီး မပေါင်းရတဲ့သူတွေ၊ ပေါင်းကြရပြီး သိပ်မချစ်ကြတဲ့သူတွေ၊ ပေါင်းလည်း မပေါင်းသင်းရ ချစ်လည်း မချစ်ကြတဲ့သူတွေ ...ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မသိဘူး။ ကျွန်တော်လည်း မသိချင်ဘူး။ ကျွန်တော့ကို လာမမေးကြနဲ့။ 

နောက် ခုနစ်စဉ်ကြယ် ...။ အားလုံးက ချီးကျူးကြပါတယ်။ အရမ်းကို အတွဲညီတဲ့ အဖွဲ့တဲ့။ သူတို့ရဲ့လှပတဲ့ အကက သန်းခေါင်ကျော်လာရင် ပိုပိုပြီး တောက်ပြောင်လာတယ်တဲ့။ ဒါဆို သန်းခေါင်မကျော်ခင်က သူတို့ဘာလုပ်နေလဲ။ အက တိုက်နေရင် တိုက်နေမှာပေါ့။ ဒါမှမဟုတ် သူတို့ ထွန်းလင်းအောင် ပွတ်တိုက်ဆေးကြောနေမှာပေါ့။ တကယ်တော့ မဟုတ်ဘူး။ သူတို့ကို မျှော်လင့်နေတဲ့လူတွေကို တိတ်တဆိတ်လေး ကြည့်နေကြတာ။ လူတွေကတော့ အဖက်တောင်မလုပ်ကြပါဘူး။ ထွက်ပေါ်လာခါမှပဲ ချီးကျူးကြ၊ မြှောက်ပင့်ကြနဲ့။ အဟားးးး ဘာလို့ လျို့ဝှက်ချက်တွေကို ကျွန်တော်ဖော်နေမိလဲ။ မသိတော့ဘူး။ ဆက်တွေးမယ်။

ဓူဝံကြယ်တဲ့ .. သူကို့တော့ လမ်းပြကြယ်လို့ ခေါ်ကြတယ်။ မြောက်အရပ်မှာ ထီးထီးကြီး တည်ရှိနေတယ်။ လမ်းပျောက်နေသူတွေအတွက် တည်တည်တံတံနဲ့ လမ်းညွှန်ပေးနေတယ်။ ဒါတောင် သူ့ဘေးမှ ဘယ်သူမှ မရှိကြဘူး။ သူ့မှာ အစွမ်းအစတွေတော့ ရှိတယ်။ သူကတော့  အထီးကျန်မှုနဲ့သာ ရပ်တည်နေရတယ်။

ကျွန်တော့်ရဲ့ ကြယ်ကကော ဘယ်အချိန်မှာ ထွန်းလင်းတောက်ပလာမှာလဲ။ ဘာတွေကို စွမ်းဆောင်နိုင်မှာလဲ။ ဘယ်လို လမ်းပြပေးနိုင်မှာလဲ။ စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ။ တော်ပြီ အိပ်မက်တွေ ဒီနေရာမှာ ရပ်မယ်။

ဒါနဲ့ “သူ့” အကြောင်း ဆက်ပါရစေအုန်း။ တကယ်တော့ ကျွန်တော့်ဘ၀မှာ အားလုံးဟာ တံခါးမခေါက်ပဲ ပိုင်စိုးပိုင်နင်း ၀င်လာတယ်။ ပြီးတော့ နှုတ်မဆက်ပဲ ထွက်သွားကြတယ်။ တချို့ဆို ပြောင်တောင်သွားကြသေးတယ်။ ဒီလိုပဲ ကျွန်တော့် နှလုံးသားကို အလှူအိမ် လောက်တောင် ၀တ်ကျေတန်းကျေ သဘောမထားကြဘူးလေ။ သူကကော ဘယ်လိုမျိုးလဲ။ ကျွန်တော်ကြောက်တယ်  ကြောက်တယ်ဗျာ။ 

အဲဒီတော့ ဒီအတိုင်းလေး မြတ်နိုးနေပါရစေ။ ဒီအတိုင်းလေးပဲ ရီသံလေး ကြားနေပါရစေ။ ဒီအတိုင်းလေးပါပဲ ကြားသိမြင်တွေ့ခွင့် ရနေပါရစေ။ ဆန္ဒတစုံတရာကို သော့ခတ်သိမ်းအလွမ်းတွေနဲ့ပဲ ယိမ်းနေပါရစေတော့။ ရပါတယ်လေ သံယောစဉ်ဆိုတဲ့ နွယ်တွေမှ ရစ်ပတ်နှောင်ချည်တတ်တဲ့  ဒီရင်ဟာ အမှတ်မှမရှိတော့တာ။  

“တကယ်တော့ လူကြီးဆန်ရတာ သိပ်ကို ပင်ပန်းပါတယ်။”
@@@@@@

လေးစားစွာဖြင့်
ညလင်းအိမ်

Tuesday, April 27, 2010

“မှာတမ်း”

လေဟာနယ် တခွင်မှာ အကြင်နာရနံ့တွေက ငွေ့ရည်ဖွဲ့နေပြီ ...။
အနောက်မြို့ရိုးမှာလည်း စစ်ပွဲတွေက ရပ်စဲလိုက်ပြီ ...။
မအောင်မြင်သလို မကျရှုံးခဲ့တဲ့ စစ်သည်တော်ကတော့ အားလုံး တည်ငြိမ်မှုတွေကြား ဒူးကို ထောက်လိုက်တယ် ...။

အို ... အရှင် ...
လမင်းအနား မခစားရတာ ကြယ်ကလေး မထိုက်တန်လို့လား ...။
ပန်းလေးနား မပျံဝဲရတာ ပျားကလေး ချို့တဲ့နေလို့လား ...။
ပင်လယ်ထဲ စီးဆင်းခွင့်မရှိတာ သောင်တင်နေတဲ့ မြစ်မလို့လား ...။
အရှင့်ရဲ့ အချစ်ကို မရထိုက်တာ ဒီတိုက်ပွဲကို မနိုင်ခဲ့လို့လား ...။
ပြောပြပေးပါ ...။

ကျွန်ုပ် ဆုတောင်းပါသည် ...။
မှိုင်းညို့ညို့ရင်ခွင်မှာ ဆိုင်းနေတဲ့ မြူတွေ ပျယ်လွင့်ပါတော့လေ ...။
ကမ္ဘာကြီးရဲ့ ရင်အုပ်ထဲမှာ ငြိမ်ကုပ်နေသွားချင်လို့ပါ ...။
မထင်မရှား သာမန်အရပ်သားဘ၀နဲ့ တကိုယ်တော် တဲအိုပျက်မှာ ကြယ်တွေကို ရေတွက်သွားချင်လို့ပါ ...။
ဘယ်ဖက်ရင်အုပ်က လက်တဖျစ်စာ အနာကိုလည်း စိတ်ငြိမ်စွာ ကုသခွင့် ပေးတော်မူပါတော့ ...။

အို ... အရှင် ...
ဤနေရာ၌ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတော့ ...။
ကျွန်ုပ်ပြုသောအမှု ကောင်းသည်ဆိုးသည် သီးခံပါလေ ...။
အရှင့်ရဲ့ နာကျည်းခြင်း ဥပေက္ခာတွေ ကြားမှာ နှလုံးသွေးနဲ့ ရေထွင်းခဲ့ပါမယ် ...။
အနာဂတ်ရာဇ၀င်မှာ သူရဲကောင်းဟု သတ်မှတ်ပေးပါ ...။
အချစ်နတ်ဖုရားရဲ့ ကောင်းကင်မှာ နေရာတခုသတ်မှတ်ပေးပါ ...။
အချစ်ကြီးသူတို့ ပုံပြင်ကို နောင်နာနောင်သားတို့အား ပြောပြပေးတော်မူပါ ...။

အို ... အရှင် ...
ပန်းပျိုသူတို့ ဥယျာဉ်မှာ မဖူးပွင့်နိုင်တဲ့ ပန်းဆိုတာ ဥယျာဉ်မှူး ညံ့လို့မဟုတ်ပါ ...။
မဖူးပွင့်ချင်တော့လို့ပါ ...။
ကျွန်ုပ်သည်လည်း အရှင့် နှလုံးသား ရင်ပြင်မှာ ပန်းမပျိုးချင်တော့ပါ ...။

သြော် ...
လရောင်ကို ကြိုလင့်ဖို့ နေတောင် ၀င်ပေးနေပြီ ...။
ကျေးငှက်တွေလည်း အိပ်တန်းပြန်ကုန်ကြပြီ ...။
အဖော်မဲ့တေလေ တကောင်တော့ အိမ်ရာပျောက်နေတယ်  ...။
နာကျင်အောင် ဖန်တီးပြီးမှ အခါခါသေသွားတဲ့ နှလုံးသားကတော့ နေရောင် တခေါက်ရောက်ရင် လင်းလက်တောက်ပလာပါစေ ...။

သွားတော့မည် ... အရှင် ...
မငိုကြွေးပဲ ဟားတိုက်ပါတော့ ...။
ကြည်သာရွှင်ပြစွာ လက်ခုပ်တီးတော်မူပါ ...။
ကျွန်ုပ်အား အနာဂတ်သို့ တွန်းလွတ်ပေးတော်မူပါ ..။
ကျွန်ုပ်ဧ။် မျက်လုံးအိမ်မှ ကျသော မျက်ရည်ကို ခြေဆေးတော်မူပါ ...။
ကျွန်ုပ်ဧ။် နှလုံးသွေးနဲ့ ကောင်းမွန်စွာ ရှေ့ဆက်တော်မူပါ ...။
ကျွန်ုပ်အား အရှင့် ရာသီခွင်တွေထဲက မောင်းထုတ်တော်မူပါ ...။

ကောင်းကင် သယံဇာတတွေ ကြွယ်ဝချိန်မှာ ကျွန်ုပ်သည် မထင်မရှားကြယ်အဖြစ် ရှိနေပါလိမ့်မယ် ... အရှင်ယုံကြည်ပေးပါ ...။
ယခုတော့ ကျွန်ုပ် သွားတော့မည် ...။
ကျွန်ုပ်ဧ။် ချစ်ခြင်းကို ကျွန်ုပ် သယ်ဆောင်သွားတော့မည် ...။
ကျွန်ုပ်ဧ။် ဒဏ်ရာကို ကျွန်ုပ်ကုစားပါရစေတော့ ...။

ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
~~~~ @@@@ ~~~~

Monday, March 15, 2010

“မတ်လ ၁၅ ရက်နေ့”


@@@@@@@@
ကြည်လင်တဲ့ ကောင်းကင် ထောင့်တနေရာမှာ
အမှတ်မထင် ဖြတ်ခနဲ ရင်ထဲ လှုပ်ခတ်သွားတယ်
အမှတ်တမဲ့ပေမယ့် နင်မမြင်တဲ့ မျက်လုံးတစုံအောက်
နှလုံးသားရောက်ရှိသွားခဲ့တယ် ...

အဲဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... နေမင်းကို တိမ်တွေဖုံးလို့ အရိပ်ကျသွားစဉ် ထီးပြာပြာလေး အောက်မှာ သူ ... ကျွန်တော့် နှလုံးသားကို ဖမ်းစားသွားခဲ့တယ်။ ညှို့ချက်မပြင်းပေမယ့် ကြည်လင်တဲ့ မျက်ဝန်း၊ ပိရိနေတဲ့ နှုတ်ခမ်းနှစ်မွှာက ကျွန်တော့် ပျိုးဥယျာဉ်မှာ မျိုးစေ့တွေ ချခဲ့မိတယ်ဆိုတာ ...။

ရင်မှာတွယ်ငြိ နှောင်တွယ်မိမှတော့
ချစ်နေမိပြီဆိုတာ
တိတ်တခိုးစွဲလန်း တမ်းတနေရင်းနဲ့
နှလုံးသား ရင်ဖွင့်သံကို
ကိုယ်ဖာသာ ပြောနေခဲ့ရတယ် ...

ချစ်မိသွားတဲ့အခါ ပိုင်ဆိုင်ချင်တာ သဘာဝလေ ... ဒါပေမယ့် တခဏချက်ချင်း ပြောမထွက်ခဲ့ပါဘူး ... တကယ်ချစ်နေမိတာ ဟုတ်ရဲ့လားလို့ ကျွန်တော့်ကို ကျွန်တော် မေးခွန်းတွေ ထုတ်ခဲ့မိတယ်လေ ... သူ ... စိတ်ဆိုးမှာလည်း ကြောက်မိခဲ့တယ် ... ချစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ သူ့ အတွက် အဲဒီအချိန်က အားပေးမှု ဆိုတာဟာ လိုအပ်နေခဲ့မှာပါ ... သူ့ အတွက် အရိပ်တွေအဖြစ် ကျွန်တော်နေပေးခဲ့မိတယ် ... အမိုးတခုတည်း အောက်မှာပေမယ့် အစွန်းတဖက်မှာ ကျွန်တော်လေ ဖြူစင်တဲ့ စိတ်နဲ့ ကူညီဖေးမရင်း အချစ်တွေသာ တိုးလာခဲ့ရတယ်ဆိုတာ ...။

မိုးရေ ရွာပါတော့
ထီးတစ်ချောင်းတည်းအောက်မှာ
နှလုံးသား တံခါးဖောက်ချင်လို့ပါ
မိုးသိပ်ချစ်တဲ့ ချစ်သူ
မိုးတွေသည်းလာရင် ချစ်သူတွေ သိပ်ချစ်ကြလို့တဲ့ လေ ...

ချစ်ခဲ့ကြပါတယ် ... ဒါပေမယ့် နိုင်ငံတွေ ကွာခြားသွားတော့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ တစ်ယောက်ရဲ့ နဘေးမှာ တစ်ယောက်မရှိပေမယ့် ရင်ထဲမှာ ထပ်တူကြနေမယ်ဆိုတာ ကတိသစ္စာက ဓားစာခံအဖြစ် ကြားကနေပေးခဲ့တယ်လေ။ ဘာပဲပြောပြောပါ ချစ်မိပြီ ဆိုတော့လည်း တစ်ယောက် နဲ့ တစ်ယောက် စိုးရိမ်စိတ်တွေ သတိရစိတ်တွေနဲ့ မျက်စိအောက်က ပျောက်နေပေမယ့် အသံအောက်မှာ အပျောက်မခံ နိုင်ခဲ့ပါဘူး။ အဲလိုနဲ့ နေ့ရက်တွေတိုင်းဟာ ကျွန်တော့်အတွက် ပျော်ရွှင်စရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ ...။

နံနက်ခင်းတိုင်း လွမ်းတတ်ခဲ့ပါတယ်
နှစ်ယောက်အတူ ကြိုက်တဲ့
ကော်ဖီခါးခါးဟာ တမြေဆီမှာ
ပျော်ဝင်မှုတွေ တူညီခဲ့တယ်ဆိုရင်
ဒါဟာ ကျွန်တော်တို့ ဆက်သွယ်မှုပေါ့ ...

ကော်ဖီ ကြိုက်တာချင်းလည်း တူတယ် ... မိုးကို နှစ်သက်တာချင်းတယ်တူတယ် ... တစ်ယောက်ပြောမယ့် စကားတွေ၊ တစ်ယောက်ဖြစ်နေတဲ့ ခံစားမှုတွေကို တစ်ယောက်က ကြိုသိနေခဲ့တယ်ဆို အဖြစ်သည်းလွန်းရာ ကျပေမယ့် ... တကယ့်အဖြစ်မှန်ဖြစ်ခဲ့ပါတယ် ... မိုးတွေ သည်းလာရင် ပိုလွမ်းတတ်တာ ... သတိရ တတ်တာဟာ ... ကျွန်တော်အတွက် ကဗျာစာမျက်နှာမှာ စကားလုံးတွေသာ တိုးခဲ့ရတယ် ... အဲလိုနဲ့ အချိန်တွေဟာ ... တဖြည်းဖြည်း ... တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ရတယ် ဆိုတာ ...။

နံနက်မိုးသောက် အလင်းရောက်တိုင်း
မှန်းမျှော်တမ်းတ လွမ်းနာကျရတယ်
ညနေခင်း နေအဆင်းဆိုလည်း
လမင်းကို ကြိုလင့်ရင်း
ကောင်းကင်တမိုးအောက်မှာ
ချစ်သူ မျက်နှာကို ပုံဖော်မိခဲ့တယ် ...

ဒါတွေဟာ မပိုခဲ့ပါဘူး ... ချစ်လို့တောင် မလောက်ဝခဲ့ပါဘူး ... အချိန်တိုင်း သတိရနေတဲ့ စိတ်၊ အချိန်တိုင်း သူ့ အတွက် စိတ်ပူနေတဲ့စိတ်၊ အဆိုးဆုံးကတော့ ကျွန်တော့်ကို စွန့်ပစ်သွားမှာ ကြောက်တဲ့စိတ်တွေနဲ့ တိတ်တခိုးလေး ဆုတောင်းနေမိခဲ့တယ် ... အနေဝေးတဲ့အခါ အချစ်အေးသွားတယ်ဆိုတဲ့ စကားကို ဆန့်ကျင်ဖို့ ကိုယ့်နှုတ်ခမ်းကိုကိုက် အားတင်းလိုက်တယ် ... စစ်မှန်တဲ့ အချစ်အတွက် စစ်မှန်တဲ့ တုန့်ပြန့်မှု ရလိမ့်မယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း ...။

ဝေးသွားခဲ့ပြီလေ
နေမင်းနဲ့ စစ်ခင်းရတယ်ဆိုတာ ပူလောင်သလို
စွန့်ပစ်ခြင်း အရာဝတ္ထုအဖြစ် ခံရတာ
စိတ်နှလုံးတွေကြေမွ ဘယ်လောက်တောင် 
အနာတရဖြစ်သွားခဲ့မလဲ ...

မထင်မှတ်လိုက်မိဘူး ... ဝေးကွာခြင်းဆိုတဲ့ အချိန်ကာလတခုကြားမှာ သူ ကျွန်တော့်အပေါ်ရှိခဲ့တဲ့ အချစ်တွေ လျော့ပါးကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ကံကြမ္မာဟာ အမည်ဆိုးနဲ့ ကြော်ကြားချင်တာလား ... ချစ်လို့တောင် မ၀သေးခင်မှာ ရက်ရက်စက်စက် ခွဲရက်ခဲ့တယ်။ ဒီလိုနဲ့ ၀မ်းနည်းစွာ မျက်ရည်မြစ်တွေ အခါခါသွန်းရင်း ကျွန်တော့် ဥယျာဉ်လေး ရေနစ်သွားရရှာပြီဆိုတာ ...။

မကြေကွဲချင်ပါဘူး
ရင်ခွင်လွဲခဲ့ရတဲ့ အဖြစ်တွေက
တနေ့မှ မေ့မရလို့
ပြက္ခဒိန် ရက်စွဲတွေမှာ

နောက်ဆုံးတော့လည်း
ရင်ကွဲခဲ့ရပြီ ...

လွမ်းလိုက်တာ ... ဒဏ်ရာတွေ ဒီလောက်ရတာတောင် အလွမ်းမပျက်ခဲ့မိဘူး ... ပြန်လာနိုး မျှော်ကိုးရင်း လက်ချိုးရေတွက်ရင်းနဲ့ မတ်လ ၁၅ ရက်နေ့ကို ရောက်ခဲ့လေပြီ။ နှစ်ပတ်လည်တိုင်းမှာ အချစ်မှတ်တိုင် အသစ်တောင် မစိုက်နိုင်ခဲ့ဘူး ... နှလုံးသားမြေပုံမှာပဲ နာကျင်ခြင်း မှတ်တိုင်အသစ် စိုက်ခဲ့ရတယ်။ ဘယ်ရာသီ အလီလီပြောင်းတောင် ဟောင်နွမ်းမသွားတဲ့ အချစ်တွေအတွက် ပြောင်းလဲသွားတဲ့ သက္ကရာဇ်တွေသာ ကြားနေ၀ါဒအဖြစ် ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့လေ။ အသက်ရှင်ခွင့် ရှိတိုင်း ချစ်နေခွင့်ရှိတယ်ဆို ထာဝရ ချစ်နေမယ့် ရူးနေတဲ့ လူသား ကျွန်တော်ဟာ နောင် နှစ်ပတ်လည်နေ့တိုင်း သတိရနေပါလိမ့်မယ်။ လူသားတိုင်းလည်း မဖြစ်ချင်တာ မဖြစ်ရတဲ့ ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ မပြစ်မတင်ချင်တော့ပါဘူး။ ဒါပေမယ့် သူ့ ကိုတော့ ချစ်နေလိမ့်အုန်းမယ်ဆိုတာ ...။

ဒီနေ့က မိုးတွေမရွာဘူး ... တိမ်တွေကင်းစင်နေတယ် ... ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းထဲမှာ အလွမ်းတွေကိုပေါင်းသင် ဒဏ်ရာတွေကို နွှင်နေတဲ့ ကျွန်တော် အမှတ်မထင်ပါပဲ ရင်ထဲက ကျင်တက်သွားတယ် ... အော် အမှတ်တမဲ့ပါပဲ သူ မရှိတဲ့ တနေရာမှာ သူ မသိတဲ့ ဒဏ်ရာတွေနဲ့ အတူ ကျွန်တော့် နှလုံးသားလေး သေဆုံးသွားပြီ ... နောက်ဆုံးမှာတော့ ဘာမှမရှိခြင်းတွေနဲ့ အတူ အရူးတစ်ယောက်လို ရှေ့ဆက်ရမယ့် ခရစ်နှစ်တွေထဲမှာ ကျွန်တော်လေ တစ်ယောက်တည်း .. တစ်ယောက်တည်း ... တစ်ယောက်တည်းပါပဲ ...
 ~~~~ @@@@ ~~~~

Monday, February 15, 2010

“ခံစားမှု (၂)”

ေ၀၀ါးနေတဲ့ သံယောဇဉ် အမျှင်တန်းတွေ ဒဏ်ရာနှုတ်ခမ်းလေးပေါ် ဆက်လှမ်းလာခဲ့တော့ နာကျင်စရာ ဆိုတာလည်း ဖြေသာတတ်နေပါပြီလေ ...

တခါက နင့်အတွက် နှလုံးသား ဖူးဖူးလေးတွေ ခုအချိန်ဆိုလည်း ပွင့်ဖူးနိုင်သေးတော့ အနေအထိုင် မတတ်ဘူးလို့ မပြောပါနဲ့ ... အခြေမယိုင်တတ်တဲ့ စိတ်ကြောင့်သာ နင့်ရဲ့ အရိပ် နင့်ရဲ့ နိမိတ်ဖြစ်ချင်မိခဲ့တာပါ ...

ညရဲ့ကောင်းကင်ဆိုတာ ဘ၀သခင် နင့်အတွက် မှောင်နေတဲ့ညတွေမှာ တိတ်တဆိတ်နဲ့ စောင့်ရှောက်ပေးမယ့်  ကောင်းကင်တစ်ပါးအဖြစ်ပါ ...

နင်ကလမင်းဆို ငါ့ရင်ခွင်မှာ ခိုနားစေချင်လို့ ... ဒီလိုစိတ်တွေက နင့်မသိလည်း ငါရှိနေမယ်ဆိုတဲ့ သဘောပါ ...

ကောင်းကင်က လွတ်ကျသွားတဲ့ အရာတိုင်းကို နင်ကောက်ယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပါ ... အဲဒီအပိုင်းအစတွေမှာ စေတနာတွေ မေတ္တာတွေ ရယူပိုင်ဆိုင်လိုမှု မရှိခြင်းတွေ ပါဝင်နေပါလိမ့်မယ် ...

လျစ်လျူမရှုတတ်တဲ့ ငါ့စိတ်ကြောင့်သာ နင့်ရဲ့ခြေရာတိုင်းမှာ ငါလိုက်နင်းနေခဲ့မိတယ် ... နင်ပျော်မယ်ထင်လို့ ကမ္ဘာတစ်ဖက် ထွက်ပြေးသွားရင်တောင် ငါလေ ခြေရာတွေထပ်နင်းပြီး နင့်ဘေးမှာ ရှိနေချင်တယ် ... 

သာယာလှပတဲ့ ညလေးတစ်ညရဲ့ အိမ်ပြန်ချိန်လေးမှာ ချစ်စနိုးလေးနဲ့ အမည်ပေးခဲ့တဲ့ ညရဲ့ကောင်းကင် ဆိုတဲ့ နာမည်ဟာ အခုတော့ ငါ့ကလောင်အဖြစ်နဲ့ အသည်းကွဲကဗျာတွေကို ထုဆစ်နေခဲ့မိတယ် ...

တိမ်ပြာပြာတွေ ကင်းစင်နေမယ့် နေ့တွေမှာ နင်ပျော်ခဲ့တယ်ဆို ညအိပ်စက်တဲ့ အခါ အမှောင်ထူထူထဲထဲ ကိုဝတ်ဆင်ထားတဲ့ ငါက ပီတိဖြစ်နေမယ်ဆိုတာ ငါကိုယ်တိုင်က လွဲရင် ဘယ်သူမှ မသိနိုင်တော့ပါဘူးလေ ...

ဒါပေမယ့် အဲဒီပီတိကို ငါလိုချင်တယ် ... အဲလိုပဲ နင့်ကိုလည်း ဖြူစင်တဲ့ လမင်းလေး ... သန့်စင်တဲ့ ထွန်းလင်းမှုလေးတွေ ရှိစေချင်တယ် ...

ညခါးခါးတွေကို သောက်သုံးနေရလည်း နင့်ကိုလမ်းပြပေးနိုင်မယ့် ကောင်းကင်အောက်မှာ အရာရာကို ရဲဝင့်စေချင်တယ် ...

ဒါဟာ ငါ့မျှော်လင့်ချက်ပါဆို ငါစိတ်ကူးယဉ်တာ ဖြစ်ချင်ဖြစ်နေမှာပေါ့ ... အဲဒီစိတ်ကူးတွေကလည်း နင့်အတွက်ဆိုတာ တချိန်ချိန် သိမြင်နိုင်ပါစေ...

လမင်းကို မွေးဖွားခဲ့တဲ့ ငါ .. လမင်းက ငါ့ကိုဝေးသွားစေခဲ့တယ် ... လမင်းလေးရေ နင့်လမ်းကို နင်ဖောက် ရောက်သလောက်လျှောက်ပါ ... ဂရုစိုက်ပြီး လျှောက်ပါ ... နင်လဲကျတဲ့ အခါ ထူမပေးဖို့ ငါရှိနေမှာပါ ...
နင်အားငယ်တဲ့အခါ အားပေးဖို့လည်း ငါရှိနေမှာပါ ... လှည့်စားမှုတွေ များတဲ့ ဒီသံသရာ လောကကြီးမှာ နင်လေ ကိုယ့်ကိုကိုယ် ထိန်းကြောင်း ပဲ့ထိန်းကောင်းပါစေ ...

ငါက နင့်အတွက် ထာဝရကောင်းကင် ... ညရဲ့ကောင်းကင်အဖြစ် ရှိနေတော့မှာပါ ...

Tuesday, December 22, 2009

ခံစားမှု (၁)

ဘယ်တော့မှ မေ့မရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြိုးစားပြီး မေ့ပျောက်ပေမယ့် မမေ့နိုင်တာ ဘယ်လိုလုပ်ရမှာလဲ ။ ဘ၀မှာ အချစ်ဟာဒီလောက်တောင်ပဲ ကံဆိုးခဲ့ရလားကွာ။ အိပ်မရတဲ့ညတွေ များလှပါပြီ။ ဘယ်လိုလုပ်မှ မေ့ပျောက်နိုင်မှာလဲ။ အချိန်တွေကြာလေ ခံစားရခြင်းတွေ ပိုများလာတယ်။ ဟုတ်မှာပါလေ... ငါဘယ်လိုမှ မတတ်နိုင်တော့လို့သာ မေ့ဖို့ကြိုးစားနေရတာပဲ။ ငါမျှော်လင့်ခဲ့ရတဲ့ အချစ်ကို နဲနဲလေးတောင် ပြန်မရခဲ့ပါလား။

တကယ်တော့ငါဟာအရူးပါ။ အချိန်တိုင်းမှာ သတိရနေခဲ့မိတယ်။ တမ်းတနေခဲ့မိတယ်။ ငါခံစားနေရတယ် ဆိုတာ ဘယ်သူကကော နားလည်နိုင်မှာလဲ။ ဒါပေမယ့် ရင်ထဲမှာ အရမ်းကို ဆို့နင့်ကြေကွဲနေမိပါတယ်။ သန်းခေါင်ကျော်တိုင် ငုတ်တုတ်ထိုင်ပြီး နင့်အကြောင်းကို တွေးနေမိတယ်လေ။ တကယ်ဆို ငါဟာ ဘာမှမရခဲ့ပါလား။ ငါဟာ အချစ်ကြီးလို့လား။ ဖြစ်နိုင်ပါတယ်... တချို့အရာတွေဟာ ရင်ထဲမှာ သိုဝှက်ထားရတာ မောလွန်းလှပါတယ်။ ပင်ပန်းလွန်းလှပါတယ်။ ဖွင့်ဟလိုက်ရရင် ပြေလျှော့သွားနိုင်ပေမယ့် ငါဘယ်သူ့ကို ဖွင့်ပြောရမလဲ။ ငါ့ကို အရူးလို့ပဲ ထင်နေကြမှာပေါ့။ ဟုတ်ပါတယ် ငါဟာ အချစ်နဲ့ပတ်သတ်လာရင် ရူးခဲ့ရပြီးပြီ.... ရူးနေရပြီးပြီ... ရူးနေရအုန်းမှာပါ။ ငါဟာအချစ်ကို တန်ဖိုးကြီးစွာနဲ့ ကိုးကွယ်ခဲ့မိတာကို။ ငါ့ရင်ထဲမှာ ဘာတွေတွေးခဲ့တယ် ဘာတွေရည်ရွယ်ခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ နင်တောင်မသိခဲ့ဖူးလေ။ ငါရဲ့ စစ်မှန်တဲ့အချစ်ကို အစော်ကားခံခဲ့ရတယ်။ ဒါပေမယ့် ငါနင့်ကို ဘယ်သောအခါမှ အပြစ်မတင်ခဲ့ပါဘူး။ အပြစ်လည်းမတင်ချင်ခဲ့ဘုးဆိုတာ ယုံကြည်ပေးပါ။

ဒီဘ၀မှာ မပြည့်စုံခဲ့ရတဲ့ ဆုတောင်းတွေအတွက် နောင်ဘ၀သာရှိခဲ့ရင် ပြည့်စုံပါရစေလို့ ရူးပါရစေ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အပြစ်တွေကို ခံယူခဲ့ရတယ်။ ယနေ့တိုင် ချစ်နေဆဲပါဆို ယုံကြည်ပေးပါ။ သတိရတိုင်းလည်း လွမ်းချင်ပါတယ်။ မျက်ရည် မကျမိအောင်လည်း ထိန်းချင်ပါတယ်။ ၀မ်းနည်းပူဆွေးမှုတွေလည်း ပျောက်ဆုံးချင်ပါတယ်။ ဒါပေမယ့်  ထာဝရသာတော့ ချစ်နေမိမှာပါ။

လူတယောက်မှာ အမှားမရှိပဲ လူတယောက်က ဘာကြောင့် စွန့်ခွာသွားနိုင်မလဲ။ စွန့်ခွာသွားတဲ့သူမှာ ဘာမှမကျန်ပေမယ့် ကျန်နေခဲ့တဲ့သူမှာ ဘာကြောင့်သတိရခြင်းတွေ ထင်ကျန်နေရတာလဲ။ လောကကြီးက မတရားလိုက်တာနော်။ ဖြစ်ချင်တာကို မဖြစ်ရ။ မျှော်လင့်ချင်တာကို မျှော်လင့်နိုင်အောင် အသက်မသွင်းပေးပါလား။ ဘာမှမရခဲ့တဲ့ငါ နောင်လည်း ဘာမှထပ်ရမှာ မဟုတ်တော့ပါဘူးလေ။

နောက်ဆုံးတော့လည်း နင့်အတွက် နာကျင်ခြင်းကဗျာတွေကို ရင်ထဲက မျက်ရည်တွေနဲ့ နာကျင်နေတဲ့ နှလုံးသားကို စတေးပြီး တသက်လုံးငါ့ရဲ့ နင်မဖတ်တဲ့ ဒိုင်ယာရီမှာ ငါ့မျက်ရည်တွေ မခန်းခြောက်သရွေ့ ဖျော်ဖြေ တင်ဆက်နေပါမယ်။ မရခဲ့တဲ့ နှလုံးသားတစ်စုံကို ထာဝရ သိမ်းပိုက်ထားရင်းနဲ့ပေါ့။

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ချေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာ တခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။
~~~ @@@ ~~~

(ဒီပို့စ်လေးဟာ ဇာတ်လမ်း မဟုတ်ပါဘူး။ ခံစားမှု စိတ်ထွက်ပေါက် ရှာလိုက်ခြင်း သက်သက်ပါ။ အဲ့ဒီအတွက် သီးခံပြီးဖတ်ပေးကြပါလို့ တောင်းပန်ပါရစေခင်ဗျာ။ ကဗျာလေးကတော့ ဟိုးအရင်ကတင်ခဲ့တာပါ။ ဖတ်သူမရှိခဲ့ပေမယ့် အခုခံစားမှုနဲ့ တိုက်ဆိုင်နေလို့ ပြန်ထည့်လိုက်ရခြင်းပါ။ အမြဲတမ်း ၀မ်းနည်း ကြေကွဲစရာတွေကိုပဲ ရေးလေ့ရှိတဲ့ ကျွန်တော့်ဒိုင်ယာရီကို လာလာဖတ်ပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကဗျာတွေက လွဲရင်(ကဗျာလည်းမရေးတတ်သေးပါ) ကျန်တဲ့ စာတွေကို ကောင်းကောင်း မရေးတတ်လို့ ခွင့်လွှတ်ပေးကြပါလို့ ... )

Friday, May 22, 2009

စာသားတချို့ပါ...

ဒီညရော အိပ်မရခြင်းတွေကို ရင်ဆိုင်ရအုန်းမှာလား
ကိုယ့်ကိုကိုယ်ရူးနေပြီလားလို့တောင်ထင်မိတယ်
ဟုတ်မှာပါ...
တကယ်တော့ မေ့မရနိုင်ခြင်းက ထာဝစဉ်စိုးမိုးနေလို့ပါ
အချစ်ကြီးတာလား
သံယောဇဉ်ကြီးတာလား
တခုခုပါပဲ
ဒါမှမဟုတ်
စိတ်ကူးယဉ်ဆန်ခဲ့တာလား
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
စချစ်ကတည်းက ထာဝရအချစ်နဲ့ချစ်ခဲ့မိတာကိုး
ငါမှားသွားတယ်
ငါအပေါ်ယံလောက်ပဲ ချစ်ခဲ့ရမှာ
ဒါပေမယ့် ဒီအမှားဟာ ငါ့တဘ၀လုံးအတွက် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းတဲ့ အမှားပါ
ငါဟာ မင်းကို ပိုင်ဆိုင်ခဲ့ရဖူးတယ်
ထွေးပိုက်ခဲ့ရဖူးတယ်
မင်းရဲ့ အပြောတွေမှာ ပျော်ရွှင်ခဲ့ရဖူးတယ်
မင်းရဲ့ အနမ်းတွေမှာ ကြည်နူးခဲ့ရဖူးတယ်
ငါ့ဘ၀မှာ မရနိုင်ခဲ့တဲ့.. မရနိုင်တော့ဘူးလို့ထင်ခဲ့တဲ့
ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ဖူးတယ်
ငါကျေနပ်ပါတယ်
ဒါပေမယ့် ဒီလိုပျော်ရွှင်မှုမျိုးကို ထာဝရဘာလို့မရခဲ့တာလဲ
ရင်ထဲမှာ နာကျင်စွာ ခံစားနေရတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့
ငါ့ကိုငါတော့ သိနေတယ်
ညတိုင်းအိပ်ပျက်နေတာ ငါကြာရင် ရူးသွားနိုင်တယ်
ဒါပေမယ့်မတတ်နိုင်ဘူးလေ
မင်းနဲ့ရှိခဲ့ကတည်းက ငါပျော်ရွှင်မှုတွေကြောင့် ကဗျာတွေရေးရင်အိပ်ရေးပျက်ခဲ့ဖူးတယ်
ခုလည်းဘာထူးလဲ နင့်အတွက် ကဗျာတွေရေးရင်းအိပ်ရေးပျက်နေရတယ်လေ
အကြောင်းအရာကတော့ မတူနိုင်တော့ဘူးလေ
နင်ကဗျာထက် ပုံပြင်ကို ပိုကြိုက်တယ်ဆိုတာ ငါသိပါတယ်
ပုံပြင်ဆိုတာ အမှန်မှမဟုတ်တာ
အချစ်ဆိုတာလဲ ပုံပြင်မဟုတ်ဘူးလေ....
ဒါကြောင့် ပုံပြင်မဟုတ်တဲ့ အချစ်ကို ဘာကြောင့်ပုံပြင်လိုသတ်မှတ်ခဲ့တာလဲ

ကဗျာကတော့ ခံစားမှုပါ
ကဗျာဟာ အကြောင်းအရာတခု တစုံတယောက်အပေါ်ကို အခြေခံတယ်
ကဗျာကိုဖတ်ရင်းနဲ့ ကဗျာရေးသူရဲ့ နှလုံးသားကိုသိနိုင်တယ်
ကဗျာဟာ စိတ်ကူးယဉ်မဆန်ပါဘူး
နှလုံးသားတာ စိတ်ကူးယဉ်ဆန်တာပါ
စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားကို ထိန်းကြောင်းပေးနိုင်တဲ့ ဦးနှောက်မှာ
မှန်ကန်တဲ့အကြောင်းအရာတွေကိုသာ
မှတ်သားထားဖို့လိုတာပါ....

စကားတချို့ဟာပြောပြနေရင် ပြောနေတဲ့သူတာရူးတယ်လို့ထင်မှာပါ
ဒါပေမယ့်လည်းငါရူးပါရစေ....
ထာဝရရူးပါရစေ...