Showing posts with label မွေးနေ့အမှတ်တရ. Show all posts
Showing posts with label မွေးနေ့အမှတ်တရ. Show all posts

Saturday, March 17, 2012

"မိုးငွေ့ ... သို့ ... "


မိုးငွေ့တစ်စက်ရဲ့ ရာဇ၀င်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။

အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်အကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။

အဲ့ဒီ အချိန် ...
အိမ်ဂျယ်လိုပါပဲ
တိမ်တွေထဲ ၀ဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။

အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။

ညလင်းအိမ်

ယနေ့၌ ကျရောက်သော မမီး မွေးနေ့သို့ ...    *.★*HaPpY BiRthDaY ANgEL*★ 。*

Thursday, March 17, 2011

“မိန်ရာသီဧ။် အိန်ဂျယ်လ်”

နှင်းစက်မြူခိုးတွေအဆုံး
ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်
မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။

ဒီအချိန်ဆို
ကောင်းကင်ပြင် ရာသီခွင်၌
ငါးနှစ်ကောင် နက္ခတ်တို့ ပျော်မြူး
အိန်ဂျယ်လ်ဆီ အခေါ်ထူးကြပေလိမ့်မည်။

လေရူးတသုန်သုန်မို့
နွေဦးကို အကြိုထောက်တယ် ထင်ပါ့
စံပယ်ရုံ သင်းရနံ့တွေနဲ့တင်
ရက်တွေတိုင်းက မွေးပျံ့လှတယ်။

ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ
ဤကမ္ဘာမြေဟာလည်း
ချစ်သင်္ကေတတို့ ထုံမွှမ်း
သစ္စာတွေ စုရုံးခဲ့ကြပြီ။

ကဗျာလို နူးညံ့ခြင်းမျိုး
လေပြေလို သန့်စင်ခြင်းမျိုးနှင့်
ရှင်သန်ရာ သူတို့ဧ။်
ရာဇ၀င်သည်လည်း လင်းမြနေခဲ့ပြီ။

ဖြတ်သန်းခဲ့ရာ မိုင်တိုင်တိုင်း
သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။
လျှောက်လှမ်းရာ ရောင်နီတိုင်းသည်လည်း
အားအင် ပြည့်စွာ ရုန်းကြွနေလိမ့်မည်။

ဤသို့ဆိုလျှင်
ယနေ့၌ ကျရောက်သော မွေးနေ့မှစ၍
နောင် နှစ်ပေါင်းများစွာတိုင်
ဆောင်ယူရာ သတင်းတိုင်း
လေပြေလို အေးလို့
ပန်းခိုင်လို မွှေးလို့
ရေကြည်လို အေးမြပါစေသား ...။

ညလင်းအိမ်

(၁၇.၃.၂၀၁၁ မှာ ကျရောက်သော မမီး (မမိုးငွေ့) နှင့် ကြယ်တွေနဲ့ စံပယ်ကို မြတ်နိုးသူ တစ်ယောက် အတွက် ဤကဗျာလေးကို ရေးဖွဲ့ပါသည်)

Wednesday, March 17, 2010

“မိုးငွေ့ ... ဆိုတာ ...”


ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။

မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တ၀ကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။

မိုးငွေ့ဆိုတာ
တခဏချက်ချင်းပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့ ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။

ဒီလိုနဲ့ မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။

သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။

~~~  @@@@ ~~~~

ဒီနေ့ မတ်လ(၁၇) ရက်နေ့မှာ ကျရောက်သော အစ်မမိုးငွေ့ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။ အစ်မမိုးငွေ့တစ်ယောက် ယခုမွေးနေ့မှသည် နောင်လာမယ့် နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ ပြည့်စုံရပြီး  သာယာသော ဘ၀ခရီးလမ်းကို ထာဝရ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။

Thursday, November 19, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်