Monday, June 27, 2011

“အနာဂတ်ထဲ အတိတ်ကလူ”

ကောင်မလေးရယ်
နှစ်တွေကြာခဲ့တာတောင်
ရင်ခုန်သံ သဲ့သဲ့က ရပ်မသွားဘူး ...
တခါက
တိုးလျှိုးပါးလျစွာ နမ်းရှိုက်ခဲ့တဲ့
အသက်ရှုသံ တစက ထိရှတုန်း ...။

နှစ်လိုခြင်း များစွာဖြင့်
အိပ်မက်မက်တယ် ...
ပါးပြင်ပေါ်က သနပ်ခါးတစ်ပွင့်
ရင်ကိုမွှေးတဲ့ အနမ်းစစ်ပေါ့
ခုတော့
အချိန်လွန်ရင့်တဲ့ အလွမ်းနှစ်မှာ
ကိုယ်ဟာ အတင်း “အပြစ်” ခံရတဲ့ လူ ...။

မိုးတွေစွေတုန်း
ဆောင်းတွေဝေတုန်း
နွေရနံ့တွေ ကြွေတုန်း
ပန်းကလေးတွေ ကိုယ်တို့ အကြောင်းပြောကြတုန်း
မြေနီလမ်းလေးမှာ ကျေးငှက်တွေ သီကြူးတုန်း

ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။

ခူးမရတဲ့ အလွမ်းပွင့်အကြွေတွေနဲ့
တခန်းရပ်ဇာတ်ကွက်ထဲ
အခန်းဆက် ကြွေကွဲသံတွေ
တစတစ လွင့်ပါး
အာရုံမှာ ဝေး၀ါးသလို
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ် ... ကောင်မလေးရယ် ...။

(အရှေ့= အနာဂတ်
အနောက် = အတိတ်)

ညလင်းအိမ်
(၂၇.၆.၁၁)

Monday, June 20, 2011

“ကျွန်တော့် ဖိနပ်လေး”

ဒီနေ့မှ ကျွန်တော့်ဖိနပ်လေးကို
တယုတယ ကြည့်မိတယ်
မညီမညာ ခွာအစုံအောက်
သူပြားပြားမှောက်နေပြီပဲ ...

လေကဓံတွေကို ထံပိုး
သူနဲ့အတူတိုးခဲ့တဲ့ လမ်းတွေ
ကျွန်တော်တို့ကိုတောင် နှုတ်ဆတ်သွားကြပြီလေ ...

ကိုယ်တိုင်တည်ဆောက်မပြနိုင်တဲ့
အနာဂတ် ကယက်လှိုင်းထဲ
ကျွန်တော့် ဖိနပ်လေးကို စီး
နေ့တွေကိုလည်း ငြီးရအုန်းမယ် ...

ကျွန်တော့် ဖိနပ်လေးရယ်
ခွင့်လွှတ်ပါ ကွာ
ယှဉ်တွဲလျှောက်နိုင်မယ့်
ဖိနပ်လှလှလေး တစ်စုံ
ကျွန်တော့်တို့ ကြားမှာ မပေါ်သေးသရွေ့
ကျွန်တော်ရယ် ...
ကျွန်တော့် ဖိနပ်လေးရယ် ...
ကျွန်တော့် မျှော်လင့်ချက်လေးရယ် ...
တနေရာထဲ စုဝေး
ကဗျာလေးတွေ ရေးကြမယ်လေ ...။

ညလင်းအိမ်
(၂၀.၆.၁၁)