Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, March 22, 2010

"အသိတရား"

အသိတရားတဲ့ အင်ကြင်းက ကျွန်တော့်ကို တက်ဂ်တယ်။ ပထမ အံ့သြသွားတယ်။ ကျွန်တော်က ကဗျာရေးမယ်ဆို ဘာဖြစ်ဖြစ်ပါ စဉ်းစားပြီး ရေးနိုင်သေးတယ်။ ခုဟာက ရသ စာပေလိုမျိုးဆိုတော့ ဘာတွေရေးရမှန်း မသိဘူး။ ငြင်းဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်။ ကျွန်တော်ထက် ၃ လကျော်သာကြီးတာ။ စိတ်ကတော့ ကျွန်တော်ထက် အဆ ၃၀ လောက်ပိုကြီးသလား မှတ်ရတယ်။ သူကိုလည်း ကြောက်ရတယ်။ ဘာလုပ်ရမည်နည်း တွေးရင်း တွေးရင်း အသိတရားဆိုတာ ဘာလဲဆိုတာ ပုံဖော်ကြည့်မိတယ်။

အသိတရားဆိုတာ ကိုယ်ပိုင်ဗီဇအရ ပင်ကိုစိတ်ကိုက သိနေရမယ့်အရာ တခုပါ။ မင်း ဒါလုပ်ကွာ၊ ဒါလုပ်သင့်တယ် လို့ပြောနေစရာ မလိုဘူး။ မပြောပဲနဲ့ သိနေရမယ့် အရာ၊ တွေးတောမှု၊ လုပ်ဆောင်မှု တွေပါပဲ။ လူတစ်ယောက်ရဲ့ အသိတရားဟာ ငယ်စဉ်ကတည်းက ပါလာတတ်ပါတယ်။ သို့ပေမယ့် လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းတလျှောက် ကောင်းသော ဆိုးသော ပတ်ဝန်းကျင်တွေကြောင့် တခါတခါ ပျောက်နေတတ်ကြပါတယ်။

ဥပမာ ဆိုကြပါစို့ ... ငယ်စဉ်ကလေး ဘ၀ထဲက တချို့ဆို သိကြတယ်။ ငါဒီအချိန် စာကျက်ရမယ်။ ဒီအချိန်ဆိုဆော့ရမယ်။ အဲလိုမျိုးပေါ့။ အဲဒီလို သိနေတာက မသိစိတ်ထဲကပေမယ့် အဲဒါကိုက ကောင်းမွန်တဲ့ ဗီဇလေးပါလာတာ။ အရွယ်ရောက်တဲ့အခါ အသိတရားဆိုတာ စာအုပ်စာပေတွေ၊ လူကြီးသူမ ပြောဆိုဆုံးမကြတဲ့ စကားတွေမှ သိရှိလာကြပါတယ်။ ငါ ဒါလုပ်ရင်ဖြင့် မကောင်းဘူး။ ဒါ လုပ်ခဲ့ရင်တော့ ဘယ်သူတွေ ထိခိုက်နိုင်တယ်။ ဘယ်သူတွေ ဒုက္ခရောက်စေနိုင်မလဲဆိုတဲ့ အတွေးတွေမှတဆင့် ကောင်းမွန်တဲ့ အသိတရားတွေ ရလာနိုင်ပါတယ်။

လူဆိုသည်ကလည်း အတ္တ၊ မာန၊ ဒေါသနဲ့ မကင်းနိုင်သော ပုထုဇဉ်တွေပဲလေ။ ဘယ်လောက်ပဲ ကိုယ်က စိတ်ကောင်းလို့ အသိတရားနဲ့ ထိန်းလည်း ကိုယ့်ကို ထိခိုက်လာတာမျိုး ကိုယ့်မာနကို ထိခိုက်နိုင်တာမျိုးဆို မည်သူမှ မခံနိုင်ကြဘူးလေ။ လူတိုင်းလူတိုင်းသာ အသိတရားရှိရင် လောကကြီးဟာ ပိုင်ဆိုင်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ မရှိလာနိုင်တော့ပါဘူး။ ကျွန်တော်ဒီလိုပြောလို့ ဒါဟာ ဝေဖန်နေတာလို့ မဆိုလိုကြပါနဲ့။ စိတ်ရှည်ရှည်နဲ့ ဆက်ဖတ်ပေးကြပါ။

လူတိုင်း သက်ဆိုင်ရာ အရာကို ပိုင်ဆိုင်လိုကြရပါမယ်။ သင့်လျှော်လျောက်ပတ်တဲ့ ယှဉ်ပြိုင်မှုရှိရပါမယ်။ သို့ပေမယ့် မိမိအတွက်ကြောင့် သူ့တစ်ပါး စိတ်ဆင်းရဲနေရမယ်။ သူ့တစ်ပါး ဒုက္ခရောက်သွားမယ်ဆိုရင် ဒါဟာ လုပ်သင့်သလား မလုပ်သင့်သလားဆိုတာ တွေးခေါ်ဆုံးဖြတ်တတ်ရပါမယ်။ မတတ်သာလို့ လုပ်လိုက်ရတယ်။ စိတ်ထဲက တကယ်မပါပါဘူး။ စိတ်မကောင်းပါဘူးဆိုလို့ ပြောလိုက်ရုံဆို သင်ပျော်နိုင်မလား။ သင်ပျော်နိုင်မယ်ဆို လုပ်လိုက်ပါ။ ကျွန်တော်အပေါ်က ပြောခဲ့သလိုပဲ သင်ဟာ ရယူမှ ဖြစ်မယ်ဆို ရယူလိုက်ပါ။ လုပ်သင့်လို့ လုပ်တယ်ဆိုရင် လုပ်လိုက်ပါ။ ဒါဟာ သင့်အတွက် ရပိုင်ခွင့်ပါ။ သို့ပေမယ့် သူ့တစ်ပါးဟာ သင်ကြောင့် ဘ၀ သို့မဟုတ် ပိုင်ဆိုင်ရာ တခုခု ဆုံးရှုံးသွားမယ်ဆိုတာ သင်သာ သိခဲ့ရင် သင်နောင်တ မရနိုင်ဘူးတဲ့လား။ ရတဲ့သူက ရနိုင်ပေမယ့်၊ မရတဲ့သူက မရနိုင်ပါဘူး (ဟုတ်တယ်ဟုတ်)။ အသိတရားဆိုတာထက် တချို့နေရာတွေမှာ သနားညှာတာမှု ဆိုတာ ထားစေချင်တာပါ။ ဘာပဲလုပ်လုပ် သင့်အတွက် မတွေးပဲ တခြားသူနေရာက တွေးကြည့်ပါ။ မိမိသာဆို ဘယ်လိုခံစားရမယ်၊ ဘယ်လို ဒုက္ခရောက်နိုင်မလဲလို့ တွေးပေးကြည့်လိုက်ပါ။ မည်သူမှ မိမိဒုက္ခ ရောက်မယ့် အလုပ်မျိုးကိုတော့ မလုပ်နိုင်ကြပါဘူးလို့ ကျွန်တော်ထင်ပါတယ်။

တကယ်တော့ ဤလောကကြီးသည် တရားမျှတနေပါသည်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ကောင်းတာလုပ်က ကောင်းတာရဧ။် မကောင်းတာလုပ်က မကောင်းတာကိုပဲရဧ။် ဆိုတာတွေဟာ အလွန် မှန်ကန်လွန်းလှပါတယ်။ ကျွန်တော်တို့ မသိနိုင်ကြလို့ပါ။ သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ ကမ္ဘာကျော် အိုင်းစတိုင်းရဲ့ သီအိုရီဟာလည်း အလွန်မှန်ကန်ပါတယ်။  ချက်ချင်း မတန်ပြန်လို့သာ ကျွန်တော်တို့ မသိနိုင်သေးတာပါ။ 

ကျွန်တော်သိတတ်စဉ် အရွယ်တုန်းက ရလိုက်တဲ့ အသိတရားလေးတခုကို ပြောပြချင်ပါတယ်။ ၀န်ကြီးဌာနတခုမှ ရာထူးကြီးကြီး လူတစ်ယောက်ဟာ အရမ်းကို လာဘ်စားပါတယ်။ သူကြောင့် ဒုက္ခရောက် သွားတဲ့သူတွေ လက်ချိုးမရေနိုင်ပါဘူး။ အရာရာ ပိုက်ဆံ၊ ကန်တော့ခံပစ္စည်း တခုခုဆို ဘာလုပ်ပေးရမလဲ လုပ်ပေးတယ်။ သူ့နေရာကလည်း မကျော်ဖြတ်ရင် မရမဖြစ်တဲ့နေရာပေါ့ဗျာ။ တကယ့် အရေးပါတဲ့ နေရာပေါ့။ သူအရမ်းကို ချမ်းသာတာပေါ့။ သူ့သားတွေ သမီးတွေဆို ပိုက်ဆံကို ရေလိုသုံး၊ ဖြုန်း၊ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်နေကြတယ်။ သူတို့တွေ ဘာမှ မဖြစ်ကြဘူးလေ။ အားလုံးက ကံကောင်းနေကြလို့ပေါ့။ နောက်တော့ ထိုအရာရှိကြီး အမျိုးသမီး နှလုံးရောဂါ ပြင်းထန်လာရော။ အဲဒီမှာ နိုင်ငံခြားသွားကုတယ်၊ ပိုက်ဆံဘယ်လောက်ကုန်မလဲ အကောင်းဆုံးအရာတွေနဲ့ အကောင်းဆုံးတွေကို သုံးပြီး ကုသပါတယ်။ သို့ပေမယ့် သူမရောဂါက ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ နှစ်တွေ ရှည်ကြာလာတယ်။ နောက်ဆုံး သူတို့အတွက် အလိုအပ်ဆုံးက ငွေဖြစ်လာတယ်။ ငွေလိုတော့ မကောင်းတာ ပိုလုပ်တယ်။ ငွေကို ဘယ်လိုရမလဲ အကုန်လုပ်တယ်။ နောက်ဆုံးတော့ အလွန်အကျွံဖြစ်ပြီး ရာထူးပြုတ်တယ်။ နာမည်ဆိုးနဲ့ ပြုတ်တော့ သူအတွက် ဘယ်သူမှ မကူညီိနိုင်ခဲ့ပါဘူး။ သူ ပြုခဲ့တဲ့ အမှုက ဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆို နှစ် ၃၀ ကျော်လောက် စံမြန်းခဲ့ရတဲ့ဘ၀ဟာ လုံးဝကို သုံးစားလို့ မရအောင် ဖြစ်သွားတယ်။ သူ့အမျိုးသမီး ကွယ်လွန်သွားပြီး လက်မဲ့ဘ၀ဖြစ်သွားချိန်မှာ သားအကြီးဆုံးက အရက်သမားအဖြစ် အသိအိမ်တွေကို တောင်းစားရတဲ့ဘ၀ ဖြစ်သွားတယ်။ သမီးကလည်း ဟင်းသီးဟင်းရွက် ရောင်းစားရတဲ့ ဘ၀အဖြစ် ရောက်သွားတယ်။ သားအငယ် တစ်ယောက်ကလည်း ရူးကြောင်ကြောင်ဖြစ်ပြီး ဘယ်လိုမှ ထိန်းမရလို့ ရပ်ကွက်ထဲမှာ ပစ်ထားလိုက်ရတဲ့ အဖြစ်လေ။ ကျွန်တော် ထင်ပါတယ် ဒါဟာ ရှေးဘ၀က ၀ဋ်ကြွေးဆိုတာထက် ယခုဘ၀က ပြုခဲ့တဲ့ မကောင်းမှု၊ အသိတရားမဲ့စွာ၊ ဆင်ခြင်ဆုံးဖြတ်နိုင်မှု ကင်းစွာပြုမှုခဲ့တဲ့ မကောင်းမှုတွေကြောင့်ပဲလေ။

ကျွန်တော် အဲဒီအဖြစ်အပျက်လေးကို ကြည့်ပြီး အရမ်းကို သံဝေဂ ရမိတယ်။ လူ့ဘ၀ဟာ တိုတိုလေးပါ။ ဘာကြောင့်များ ယခုလို ပြုမူကြပါလိမ့်။ သူ့တစ်ပါးအတွက် မိမိဖက်က ဖြည့်စဉ်းစားပေးပြီး အသိတရားလေးတွေနဲ့ ပြုမူခဲ့ကြရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဟာ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရတဲ့ တကယ့် အဖြစ်အပျက်လေးပါ။ အဲဒီအချိန်ကတည်းက ကျွန်တော်ဘက်ထက် တပါးသူဘက်ကို စဉ်းစားပေးကြည့်မိတယ်။ အဲလိုစဉ်းစားလို့ ဒါကျွန်တော့်အတွက် မကောင်းဘူး။ အကျိုးမရှိဘူးဆိုရင်တောင် အဲဒီအတွက် ကျွန်တော်ပဲ ခံယူလိုက်တယ်။ ဘာလို့လဲလို့တော့ ကျွန်တော်မသိဘူး။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ လမ်းတလျှောက် ချောမွေ့ဖြောင့်တန်းဆိုတာ မရှိခဲ့ပေမယ့် ကျွန်တော်ရသင့်သလောက် ပိုင်ဆိုင်သင့်သလောက် ရခဲ့ပါသေးတယ်။ 

ဆရာတော်တစ်ပါးက ဟောကြားတော်မူခဲ့ဖူးပါတယ်။ အသင်ဟာ ဒီဘ၀မှာ အရင်ဘ၀က ၀ဋ်ကြွေးတွေကို ဆပ်နေရတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ တကယ်တော့ ဒါဟာ ကျေးဇူးဆပ်နေရတာပါ။ အသင်အရင်ဘ၀က သူ့တစ်ပါးကျေးဇူးတွေ၊ အကူအညီတွေ ယူကောင်းယူခဲ့လိမ့်မယ်။ သူ့တစ်ပါး ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကိုလည်း အတင်းအဓမ္မသော် လည်းကောင်း သွယ်ဝိုက်သော နည်းဖြင့် လည်းကောင်း လိုချင်ဖူး ရယူဖူးခဲ့မယ်။ အဲဒီအတွက် ဒီဘ၀မှာ ကျေးဇူးကြွေးတွေ ဆပ်နေရတယ်လို့ပဲ မှတ်ပါတဲ့။ မှန်ပါတယ် ဒါဟာ တကယ်မှန်ကန်သော နည်းလမ်းပါပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာ ကြာပါပြီ။

ကျွန်တော်ပြောတာတွေ တခြားအကြောင်း ရောက်ကုန်ပြီလား မသိဘူး။ တကယ်တော့ အသိတရားကို ပြောချင်တာပါ။ လူတွေဟာ အသိတရား မရှိပဲ လုပ်ချင်တာ လုပ်ခဲ့သမျှ နောက်ဆုံးတခုခုတော့ ပြန်ခံရတာပဲ။  ကျွန်တော်သည်လည်း ခြောက်ပစ်ကင်း မဟုတ်ပါဘူး။ ၀န်ခံပါဧ။်။ ဒါပေမယ့် ကျွန်တော့် တွေးမိတဲ့ အသိတရားလေး အကြောင်းကို နဲနဲလေး ဝေမျှခြင်တဲ့စိတ် ဖြစ်ပေါ်လာလို့ပါ။ နောက်ဆုံးပြောရရင်ဖြင့် သင်ဘာလုပ်လုပ် တခြားသူအတွက် အရင်တွေးပေးလိုက်ပါ။ ဦးစားပေးလိုက်ကြပါ။ ဤသို့ဆိုရင်ဖြင့် သင်ဟာ စိတ်ကောင်းလေး ၀င်လာပြီး စိတ်နှလုံးအေးချမ်းလာပါလိမ့်မယ်။

ကျွန်တော် အကျိုးရှိစာပေတွေကို မရေးတတ်ပါ။ ဤပို့စ်လေးကို ရေးရခြင်းမှာ ကျွန်တော်ဧ။် စိတ်၌ ဖြစ်ပေါ်လာသော အကြောင်း အရာများကို ပြောပြချင်လို့ တင်လိုက်ရခြင်းပါ။ မည်သူ့ကိုမှ မထိခိုက်စေချင်သလို မည့်သူကိုမှ ရည်ရွယ်လိုခြင်းမရှိပါ။ အမှားတစုံတရာများ ရှိခဲ့ပါက ခွင့်လွှတ်ပါလို့ ကြိုတင်တောင်း ပန်ပါရစေ။
~~~~ @@@@ ~~~~
စာကြွင်း။ ။ အသိတရားနဲ့ ပတ်သတ်လို့ ပြောဖို့ကျန်ခဲ့လို့။ ယနေ့ဆို ကျွန်တော်ဧ။် အိမ်ရှင်သည် အင်တာနက်အခွန် ထပ်မဆောင်သဖြင့် အင်တာနက်ပြက်တောက်နေတာ သုံးရက်ရှိပါပြီ။ အင်တာနက်ကိုသာ အားကိုးနေရတဲ့ ကျွန်တော့်အဖို့ အလွန်ပင် စိတ်ဆင်းရဲဖို့ကောင်းပါသည်။ ယခုလည်း ဒီပို့စ်ကို ကြံဖန်ပြီး တင်လိုက်ရတာပါ။ တကယ်ဆို အိမ်ရှင်သာ အော်သူတို့တွေ ခုဆို မေးသုံးဖို့ အင်တာနက်တော့ လိုမှာပဲ၊ ငါလည်း ထိုက်သင့်သလောက်ပိုက်ဆံကို ယူထားတာပဲ၊ ငါ ချက်ချင်းဆောင်ပေးလိုက်ပါမယ် ဆိုတဲ့ အတွေးလေးသာ ရှိခဲ့ရင်... ။ ခုတော့ ကျွန်တော်ရေးခဲ့သလိုပဲ ဒါလည်း အဆင်မပြေသေးလို့ ဖြစ်မှာပါ၊ အင်တာနက်အိမ်မှာ မရတော့လည်း ရတဲ့နေရာကပဲ သုံးလိုက်ပါတော့မယ်လို့ စိတ်ကို ချိုးနှိပ်ရင်း .... ချိုးနှိပ်ရင်း ။။။း)))

Wednesday, December 30, 2009

“ပျော်ရွှင်သောဘ၀”



“ဘ၀” ဆိုတာ ကိုယ်ဖြစ်စေချင်တာကို ဖြစ်စေဖို့ မွေးဖွားလာခဲ့ခြင်း မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဖြစ်ချင်တာကို ဖြစ်သင့်သလောက်တော့ ရှာဖွေလုပ်ယူရပါလိမ့်မယ်။ ဘယ်လိုရအောင် လုပ်ယူကြမလဲ။  တိကျတဲ့ အကြောင်းရင်းတွေကတော့ ရှိနေပါသည်။

ကျွန်တော်တို့အရင်ဆုံး ပျော်ရွှင်မှုကို ရှာဖွေစူးစမ်းကြပါစို့။ ပျော်ရွှင်မှုကို လူတိုင်းရဖူးကြပါသည်။ သို့ပေမယ့် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဖန်တီးဖို့ရာ လမ်းပျောက်နေတတ်ကြပါသည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ဘ၀ရဲ့ အနှစ်သာရ အလှအပတခုပါပဲ။ ရွှေငွေပိုင်ဆိုင်မှုတွေ အများကြီးရှိမယ်၊ ပျော်ရွှင်မှုတွေ မရှိဘူးဆို ပိုင်ဆိုင်ရသမျှဟာ အလကားပါပဲ။ ပျော်ရွှင်မှုဆိုတာ လူတစ်ယောက်ရဲ့ ရွေးချယ်စီမံမှုတွေကနေ တဆင့်ပေါက်ဖွားလာခြင်းပါ။ ပျော်ရွှင်မှုသည် ကြီးကျယ် ခမ်းနားလှပါတယ် ဆိုသော အရာတွေဆီက မလာပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဖြစ်တည်နေသော ဘ၀တွေကနေသာ လာခြင်းဖြစ်ပါသည်။ ပျော်ရွှင်မှုသည် ဘ၀ရဲ့အခြေခံ အရင်းအမြစ်တခုလို့ ပြောလို့လည်းရပါသည်။ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်ကို များစွာဖော်ပြနေခြင်းထက် နေ့စဉ်ဘ၀တွေကနေ့ ဘယ်လိုဖန်တီးယူရမယ် ဆိုတာ သိရှိဖို့လိုအပ်ပါမည်။  ပျော်ရွှင်မှုကို လက်ငင်းချက်ခြင်း ဖန်တီးယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက တဖြည်းဖြည်းခြင်း တဆင့်ထက်တဆင့် တိုးမြှင့်သွားမှသာ  နည်းလမ်းမှန်ကန်တဲ့ ပျော်ရွှင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါသည်။

ယခုလို ပြုလုပ်ယူဖို့ဆိုရင်တွင် ပျော်ရွှင်မှုမှာ အနည်းဆုံး ရှိရမယ့်အရာတွေက ဘာတွေလဲဆိုတာ ကျွန်တော်တို့ တွေးယူကြည့်ကြပါစို့။ စစ်မှန်ပြီး တန်ဖိုးရှိသော ပျော်ရွှင်ခြင်းတွေကစလို့ ကောင်းမွန်တဲ့ အပြုအမူတွေ၊ စစ်မှန်သော ခံစားမှုတွေကို စိတ်ရင်းစေတနာသန့်သန့် တွေထားပြီး ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ဆီလျှောက်လှမ်းခဲ့မယ်ဆိုရင်ဖြင့် ပျော်ရွှင်မှုက မျှော်မှန်းမထားလည်းပဲ သူ့အလိုလိုကို ရောက်ရှိလာပါလိမ့်မည်။ စစ်မှန်သောပျော်ရွှင်ခြင်းတွေမှာ ဘာတွေ့ပါဝင်ပေါင်းစပ်ရမလဲ။ မေတ္တာ၊ လှပတဲ့ အာရုံ၊ တွေးတောလုပ်ဆောင်မှုတွေနဲ့ လက်တွေ့ပါဝင်နေတဲ့ လှုပ်ရှားမှုတွေ၊ တရားမျှတမှုတွေ၊ သတ္တိအစွမ်းတွေ၊ လူသားခြင်းစာနာရိုင်းပင်းမှုတွေ၊ ရဲရင့်ပြတ်သားမှုတွေပေါ့။ ဤအရာတွေက မပါဝင်လို့ကို မဖြစ်နိုင်ပါဘူး။ ကောင်းမွန်တဲ့ အပြုအမူတွေကကော။ ဗဟုသုတတွေ အတွေ့အကြုံတွေ ဝေမျှခြင်း၊ လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်း စသည်ဖြင့်ပေါ့ ဆောင်ရွက်နိုင်ပါသည်။  စိတ်ပျက် အားငယ်နိုင်တာတွေ၊ ကိုယ့်တိုးတက်မှုကို ပျက်ပြားစေနိုင်တဲ့ ခံစားမှုတွေမရှိဖို့လည်း လိုအပ်ပါသည်။  ယဉ်ကျေးပြူငှာတဲ့ ဆက်ဆံမှု၊ ရှေ့နောက်တွေးခေါ်စဉ်းစားတတ်တဲ့ စိတ်တွေကိုအမြဲ နှလုံးသွင်းထားရပါမယ်။ ဒီလိုဆိုရင်ဖြင့် ရှေ့ဆက်သွားမယ့် အနာဂါတ်ခရီးလမ်းမှာ မည်သူတစ်ဦးတစ်ယောက် အပေါ်ကိုမှ ထိခိုက်စေခြင်းမရှိပဲ တိကျတဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်ပြီပေါ့။ ကျွန်တော်တို့ ယုံကြည်သင့်ပါတယ်။  အနာဂါတ်ဟာ သင့်လျော်တဲ့ အရာတွေနဲ့ တွေ့ကြုံမှုတွေကို အမြဲကမ်းလင့်နေမယ်ဆိုတာ။ ကောင်းမွန်တဲ့ အစီအစဉ်တွေသာ ရှိနေမယ်ဆို အကောင်းဆုံး ရွေးချယ်မှုတွေနဲ့ ညီမျှမှန်ကန်အောင် ဆောင်ရွက်သွားနိုင်မှာပါ။

တခြားလူတွေရဲ့ အတွေ့အကြုံတွေထဲက ကောင်းမွန်တဲ့ အရာတွေကို သင်ယူပါ။ နောက်ပြီး ကိုယ်ပိုင် တွေးခေါ်မှုတွေ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပါ။ အစီအစဉ်တွေ ကြိုတင်ချခြင်းဖြင့်လည်း အချိန်ကို ထိန်းသိမ်းနိုင်မယ့်အပြင် လုပ်ရမည့် အလုပ်တွေအတွက်လည်း အချိန်ပိုရလာနိုင်ပါသည်။ ဤသို့ဆိုရင်ဖြင့် ပြည့်စုံတဲ့ကောင်းမွန်တဲ့ စိတ်တွေ အလေ့အကျင့်တွေကို မည်သည့်တားဆီးမှုတွေ ရှိလာပါစေ မုချကျော်ဖြတ်နိုင် လာပါလိမ့်မယ်။

ရိုးရှင်းသောပျော်ရွှင်မှုရဲ့ နည်းလမ်းလေးတွေကိုလည်း မှတ်သားထားသင့်ပါသည်။  ထိုအရာတွေကတော့ ကြောက်ရွံ့ထိတ်လန့်ခြင်းက လွတ်မြောက်ပါစေ၊ စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်ပါစေ၊ ရိုးရိုးရှင်းရှင်းလေးနေပါ၊ များများပေးကမ်းပါ၊ နဲနဲပဲ မျှော်လင့်ပါ ရည်ရွယ်ချက်တော့ မထိခိုက်ပါစေနဲ့။ မည်သူတစ်ဦးတစ်ယောက်မှ စခဲ့တဲ့ အတိတ်ကို ပြန်မသွားနိုင်ပါဘူး။ မည်သူမဆို ယခုလက်ရှိ ပစ္စုပ္ပန်ကစလို့ အသစ်အသစ်သော အနာဂါတ်တွေဆီကို အဆုံးမရှိသွားနိုင်မှာ ဖြစ်ပါတယ်။ ရွေးချယ်မှုမှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ စိတ်ပျက်မှုဆိုတာ တားဆီးပိတ်ပင်နေတဲ့ လမ်းဆိုးလမ်းညစ်တွေလိုပါပဲ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လမ်းကိုနှောင့်နှေးစေပေမယ့် သူတို့ရဲ့ တခြားတဖက်မှာ ဖြောင့်ဖြူးနေတဲ့ လမ်းတွေက ကျွန်တော်တို့ကို ပျော်ရွှင်စေမှာပါ။ တနေရာမှာပဲ အကြာကြီးရပ်မနေပါနဲ့။ ရွှေ့ပါ.. ရွေ့ပါ.. တစ်လှမ်းဆိုတစ်လှမ်းခြင်းရွှေ့သွားပါ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဖြစ်ရတဲ့ အကြောင်းရင်းကို စဉ်းစားပါ။ ဤအရာတွေက ကျွန်တော်တို့ ဘ၀အတွက် သင်ယူ၊ ပြင်ဆင်ယူရမယ့် အဖြစ်အပျက်သင်ခန်းစာတွေပါ။ ပျော်ရွှင်စွာ ရီမောတတ်စေဖို့ ငိုကြွေးမှုတွေနည်းစေဖို့ သင်ခန်းစာ ပြဋာန်းချက်အသစ်တွေကို ရလိုက်တယ်လို့ သဘောထားပါ။

ပျော်ရွှင်မှုတွေကို ရရှိလာအောင် ဘယ်လိုပြောင်းလဲသင့်လဲဆိုတဲ့ အချက်တွေကိုလည်း ပြောပြချင်ပါသည်။ အလုပ်ကို ကြိုးကြိုးစားစားနဲ့ ဖန်တီးယူပါ ပြုလုပ်ပါ။ ပြောချင်တာကတော့ အလုပ်မှာ စိတ်ပါဝင်စားစွာနဲ့လုပ်ပါ။ ဒီအလေ့အကျင့်တွေဟာ စိတ်ရှုပ်ထွေးမှုတွေကို တခဏသာ မေ့ပျောက်ထားနိုင်ပါသည်။ အလုပ်လုပ်ခြင်းကြောင့် အောင်မြင်လာပြီး တိုးတက်လာတာနဲ့အမျှ ပျော်ရွင်လာပြီး အလုပ်ကိုလည်း ပိုတိုးလို့ လုပ်ဆောင်နိုင်လာမှာပါ။ အရမ်းပင်ပန်းနေပါလား၊ စိတ်တွေထွေပြီး ရှုပ်ထွေးနေပါလား။ စိတ်အပန်းဖြေလိုက်ပါ။ ခရီးထွက်လိုက်ပါ။ မရောက်ဘူးတဲ့နေရာ မသွားဖူးတဲ့ နေရာအသစ်တွေကို သွားလိုက်ပါ။ ဥပမာ အားကစားကွင်းကြိုက်ရင် ကစားပြီး အပန်းဖြေလိုက်ပါ။ သီချင်းတွေ အော်ညီးပြစ်လိုက်ပါ။ ဒါတွေဟာ နေထိုင်မှုစတိုင်ကို တမျိုးတဖုံ ပြောင်းလဲပစ်လိုက်ခြင်းပဲပေါ့။ ပျော်ရွှင်မှုအရာတွေကို တွေးမယ်ဆိုရင် ဒါမှမဟုတ် ပျော်ရွှင်အောင်ပြုလုပ်မယ်ဆိုရင် မပျော်ရွှင်နိုင်မယ့် အတွေးတွေကို နေရာမှာတင် ရပ်လိုက်ပါ။ သင့်ရဲ့ အသက်ရှင်နေထိုင်မှုအတွက် အရာရာကို ကျေးဇူးတင်လိုက်ပါ။ ကျေးဇူးတင်လိုက်ခြင်းဖြင့် သင့်ဘ၀ရဲ့ နေထိုင်မှု အခွင့်အရေးတွေ ထပ်ပြီးရရှိလာပါလိမ့်မယ်။ ကျေးဇူးတရားဟာ သင်လက်ခံတတ်ရင် ပျော်ရွှင်မှုရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါပဲ။ ပျော်ရွှင်အောင်ပြုမူခြင်းဖြင့် သင်ဟာ ပျော်ရွှင်မှုကို လက်ခံလာပြီး ပိုပျော်ရွှင်လာလေ ပိုပျော်တတ်လာလေ ဖြစ်မှာ မလွဲဧကန်ပါ။

ယခုလို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် ဘ၀ရဲ့ နေထိုင်မှုတွေမှာ ဘယ်လိုပြောင်းလဲ လာစေနိုင်ပါသလဲ။ လောကမှာ လူအများစုဟာ မပျော်ရွှင်ကြပါဘူး။ ဒီလောကကြီးက သူတို့ အတွက် ဆိုးကြိုးတွေ ကံမကောင်းမှုတွေသာ ယူဆောင်လာပေးတယ်လို့ ထင်နေတတ်ကြပါသည်။ သူတို့တွေဟာ ပျော်ရွှင်အောင်နေတတ်ဖို့ထက် ရယူပိုင်ဆိုင်လိုမှုတွေသာ ကြီးစိုးနေကြလို့ပါ။ ဒါကြောင့် စိတ်တွေဟာ အားငယ်စိတ်ပျက်ခြင်းတွေနဲ့ပဲ ကျန်းမာရေးကို ထိခိုက်လာတော့တာပေါ့။ ကျန်းမာမှသာလျှင်ဖြင့်လည်း ပျော်ရွှင်အောင် နေတတ်မှာပါ။ ပျော်ရွှင်မှုကို ရှာတတ်မှပါလည်း ကျန်းမာလာမှာပါ။

တစ်ဦးပေါ်တစ်ဦး ဝေမျှခြင်းသည်လည်း ပိုပျော်ရွှင်စေနိုင်သော အရာတခုပါပဲ။ ကိုယ်သိသလောက် တတ်သလောက် ဝေမျှခြင်းဖြင့် တစ်စုံတစ်ယောက် အဆင်ပြေသွားခဲ့မယ်။ လမ်းမှန် ရောက်သွားခဲ့မယ်ဆိုရင် ဘာနဲ့မှအစားထိုးမရအောင် ပျော်ရွှင်မိမှာပါ။ စိတ်ဖိစီးမှုဆိုတာတွေကလည်း ပျော်ရွှင်မှုကို နှောင့်ယှက်နိုင်တဲ့ ရန်သူတစ်မျိုးပါပဲ။ ကျွန်တော်တို့တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေတွေနဲ့ ဘ၀မှာ ရင်ဆိုင်နေကြရတယ်။ ဒီလိုဖြတ်သန်းရင်းနဲ့ပဲ ရှင်သန်နေကြရတယ်။ ပျော်ရွှင်မှုရဲ့ အဓိကအချက်ကတော့ ဒီလိုစိတ်ဖိစီးမှုတွေကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို သိတတ်နားလည်ရပါမယ်။ အဲဒီအခါမှ ပျော်ရွှင်နေတဲ့ စိတ်က အရာအားလုံးကို အနိုင်ယူသွားနိုင်ပါတယ်။

ကြိုးစားကြည့်ကြပါ။ ကျင့်ကြံကြည့်ကြပါ။ ဘယ်အရာတွေကို စောင့်မျှော်နေမှာလဲ။ အခုချက်ချင်းပဲ ပြောင်းလဲလိုက်ကြပါတော့။ တွေးပါ...တွေးပါ.. ကြိုးစားပြီး အကောင်အထည်ဖော်ပါ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ...
“ဘ၀ဆိုတာ ကိုယ်ဖြစ်စေချင်သလို မွေးဖွားလာခဲ့ခြင်းမဟုတ်ပါ။ ဒါပေမယ့် ဘ၀ကို ပျော်ရွှင်လာအောင်တော့ တတ်နိုင်သလောက် တတ်စွမ်းသလောက် ဖန်တီး ယူနိုင်ပါတယ်လို့”။ အားလုံးပဲ ပျော်ရွှင်သောဘ၀ကို ဖန်တီး အကောင်အထည် ဖော်နိုင်ကြပါစေ...။

သက္ကရာဇ်နှစ်တွေတောင် အရောင်ပြောင်း
ရာစုသစ်သွန်းလောင်းတော့မှာပါလား

အတိတ်ဆိုတာ အိပ်မက်
ပစ္စုပ္ပန်ဆိုတာ ရလဒ်
အနာဂတ်ဆိုတာ မျှော်လင့်ချက်မို့
စိတ်ညစ်ခဲ့တာတွေ ဖယ်လိုက်
သိပ်ချစ်ခဲ့တာတွေ မေ့လိုက်
နာကျင်ခဲ့တာတွေ အစားထိုးလိုက်
အစာမကြေခဲ့တာတွေ မျိုချလိုက်

နောင်လာမယ့် နှစ်တွေအတွက်
အားသစ်တွေနဲ့ သွန်းလောင်း
လျှောက်ရမယ့် ဘ၀ကျောင်းကို
ပျော်ရွှင်မှုသကာလောင်းလို့ 
တစ်တန်း တိုးလိုက်ကြပါစို့ ...။
~~~ @@@ ~~~

မကြာခင် အချိန်ဆို ရာစုနှစ်သစ်ကို ရောက်ကြတော့မယ် ... ကျွန်တော်တို့ ဘ၀တွေလည်း တစ်နှစ် ထပ်တိုးလာတော့မယ်... ဘ၀မှာ လူတိုင်းလူတိုင်း မပျော်ရွှင်မှုတွေနဲ့ တွေ့ဆုံကြုံကွဲ ၀မ်းနည်းစရာတွေ အထပ်ထပ်တွေ့ကြုံခဲ့ပြီးပြီ... ဘ၀ဆိုတာ တကယ်တော့ တိုတိုလေးပါ ... ရလာခဲတဲ့ လူ့ဘ၀မှာ ကိုယ့်ကိုကိုယ် မတ်တည်ရင်း စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ပျော်ရွှင်သောဘ၀လေးများကို ဖန်တီးနိုင်စေဖို့ ပို့စ်လေးကို ရေးလိုက်ရခြင်းဖြစ်ပါသည်... ကျွန်တော် စာကောင်းကောင်းမရေးတက်ပါ... ရေးချင်လွန်း အားကြီးလို့သာ ရေးလိုက်တာပါ ... ကျွန်တော်ကိုယ်တိုင်ကိုက စိတ်မပျော်ရွှင်မှုတွေကို ဖြေဖျောက်ရင်း နှစ်သစ်မှာ စိတ်သစ်နဲ့ လူသစ်နဲ့ ရှင်သန်ဖို့ အတန်တန်ကြိုးစားနေရင်း ပျော်ရွှင်သောဘ၀ရဲ့ အနှစ်သာရကို ရှာဖွေမိခဲ့တယ်လေ... ညီအစ်ကို မောင်နှမ အားလုံးကိုလည်း ပျော်ရွှင်သောဘ၀ကို ဖန်တီးယူစေချင်ပါတယ်... နှစ်သစ်မှာ အားလုံးပျော်ရွှင်ကြ၍ ကိုယ်ရည်ရွယ်ထားသော အကြံအစည်များ ရှင်သန်ထမြောက်ပါစေလို့ နှစ်သစ်မင်္ဂလာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

အင်တာနက်မှ ကိုးကားထားကြောင်း ၀န်ခံပါသည်။ ပုံကို ဒီ ကနေယူပါ၏။

Tuesday, May 5, 2009

စီမံခန့်ခွဲခြင်း ဆိုသည်မှာ ...

မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို ပါမောက္ခ တစ်ယောက်က သက်သေပြသွားဖူးပါတယ်။
တစ်ခါက ပါမောက္ခ တစ်ယောက်ဟာ အတန်းထဲ ၀င်လာပြီး မှန်ကန်တဲ့ စီမံခန့်ခွဲမှုအကြောင်း
ရှင်းပြမယ်ဆိုပြီး ဗူးတစ်လုံးကို အခန်းထဲသွင်းလာတယ်။
ကျောင်းသားတွေက စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။

ဆရာကြီးဟာ ဗူးထဲက ပထမဦးဆုံး ဖန်ပုလင်းအ၀အကျယ်ကြီးကို ယူထုတ်လိုက်တယ်။
"ဒါဘာပုလင်းလဲ ၊ အထဲမှာ ဘာရှိလဲ"
"လေပဲ ရှိပါတယ်"
"ကောင်းပြီ ၊ ဒီအထဲကို ဂေါက်သီးတွေ ထည့်လိုက်မယ်"

ဆရာကြီးဟာ ဖန်ဗူးထဲကို ဂေါက်သီးတွေတစ်လုံးပြီးတစ်လုံး ထည့်တယ်။
မကြာမီ ဂေါက်သီးတွေ အားလုံးဖန်ဗူးထဲ ပြည့်သွားတယ်။ ထပ်ထည့်လို့ မရတော့ဘူး။
ဆရာကြီးက ကျောင်းသားတွေကို မေးတယ်။

"ကဲ ပြည့်ပြီလား"
"ပြည့်ပါပြီ"
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့မရတော့ဘူး"
"ဂေါက်သီးတွေတော့ ထပ်ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဂေါ်လီလုံးလေးတွေတော့
ထည့်လို့ရတယ်"

ရောင်စုံ ဂေါ်လီလုံးလေးတွေဟာ နေရာလွတ်တွေအကြား ၀င်သွားတယ်။ ပါမောက္ခကြီးက
ဖန်ဗူးကို လှုပ်ခါပေးတယ်။ ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးအကြားက
နေရာလွတ်တွေထဲကိုဝင်သွားတယ်။
နောက်ဆုံးဂေါ်လီလုံးတွေ ထည့်လို့မရတော့ဘူး။
ပါမောက္ခကြီးက ကျောင်းသားတွေကို မေးပြန်တယ်။

"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ မရတော့ပါဘူး"
"ဂေါ်လီလုံးတွေကိုတော့ ထည့်လို့မရတော့ဘူး။ ဒါပေမယ့် ဒီမှာကြည့်"
ဆရာကြီးဟာ သဲအိတ်တစ်ခုကိုယူပြီး သဲတွေကို ဖန်ဗူးထဲထည့်တယ်။
သဲတွေ ၀င်သွားတယ်။ လှုပ်လေသဲတွေဝင်လေပါပဲ။ နောက်ဆုံးသဲတွေ မ၀င်တော့ဘူး။
"ထပ်ထည့်လို့ရသေးလား"
"ထပ်ထည့်လို့ ရရင်လည်းရမယ်။ မရရင်လည်း မရဘူး"

ကျောင်းသားတွေ ပါးသွားပါပြီ။ သူတို့ဟာအဖြေတစ်ခုတည်းကို မပေးတော့ဘူး။
"ကောင်းပြီ။ ဒီအထဲ ရေထည့်လို့ရသေးတယ်"

ဆရာကြီးဟာ ရေသန့်ဗူးထဲမှ ရေတွေကို တဖြည်းဖြည်းချင်းထည့်တယ်။
ရေတော်တော်များများဝင်သွားပါတယ်။
နောက်ဆုံးမှာ ပါမောက္ခကြီးက ပြောတယ်။

"နောက်ထပ်ထည့်လို့မရတော့ဘူး။ ပြီးသွားပြီ။"
"ဒါဟာ ဘာသင်ခန်းစာပေးတယ်လို့ထင်သလဲ"
"အစီအစဉ် ကျနမှုပါ" ကျေင်းသားတစ်ယောက်က ပြန်ဖြေတယ်။

"မှန်ပါတယ်။"
အစီအစဉ်ကျနမှုဟာ အရေးပါပါတယ်။ မှန်ကန်တဲ့ စီမံခန့်ခွဲမှုပေါ့။
ရေကိုအရင်ထည့်ပြီးမှ ဂေါက်သီးကိုထည့်ရင် ရေလျှံထွက်မယ်။
ဂေါ်လီလုံးတွေ ပြည့်အောင်ထည့်ပြီးမှ ဂေါက်သီးထည့်လို့မရဘူး။
ဒီအတိုင်းပဲ သဲတွေထည့်ပြီးမှ ဂေါ်လီလုံးထည့်လို့ မရပြန်ဘူး။
ဘ၀မှာအစီအစဉ်ကျနမှုဟာ အင်မတန်အရေကြီးပါတယ်"

"မိမိ ဘာကိုဦးစားပေးမှာလဲ"

ဖတ်ကြည့်ပြီးရင် တွေးကြည့်ပါ။ ဘယ်ကိစ္စမဆို ဒီအတိုင်းတွေးကြည့်ပါ။
သင့်ရဲ့ ဘ၀မှာ အောင်မြင်မှုတွေ ပိုပြီးရလာပါလိမ့်မယ်။

(ဂျာနယ်တစ်စောင်မှ ဒေါက်တာခင်မောင်ညိုရေးသားထားသည်ကို အလွန်သဘောကျမိသဖြင့်
ပြန်လည်မျှဝေ ခံစားခြင်းဖြစ်ပါသည်။)

ကြာတော့ကြာပါပြီ။ ကျွန်တော် နှစ်သက်လွန်းလို့ ပြန်လည်တင်ထားခြင်းဖြစ်ပါသည်။