အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော် ခုရက်အတောအတွင်း ဘာတွေဖြစ်မှန်းမသိဘူး။ သေချာတာတော့ ဘာမှ မလုပ်ချင်နေတာ ဖြစ်မယ်။ ဒါကြောင့် စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို ခေတ္တခဏ နားထားမိတယ်။ အားလုံး တွေ့ပုချိပါ။ အခုတော့လည်း သူများတွေကို အားကျလို့ ပို့စ်တစ်ပုဒ်ရေးပါမယ်။ မျက်စိဒုက္ခခံကြပါ။ ဒန်.. တန် .. တန် ..။
@@@@@@@@@@@
လမ်းမကြီးရဲ့ အဆုံးမှာ ထိုးထွက်နေပြီး ထီးထီးမားမား တည်ရှိနေတဲ့ အုတ်နီရောင်အမိုးနဲ့ အဆောက်အအုံ ၀င်းကြီးတစ်ခု။ ဘေးပတ်ပတ်လည်မှာတော့ စိမ်းစိုလန်းဆန်းနေတဲ့ မြက်ခင်းနုနုများ၊ သေသပ်လှပစွာ ဖန်တီးပြုပြင်ထားသော တောင်ကုန်းမြင့် ကလေးများ။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဲဒီနေရာက ဒဏ္ဍာရီဆန်စွာ ဖြစ်တည်နေခဲ့တယ်။
ကားနောက်ခန်းမှာ နှုတ်ဆိတ်စွာ လိုက်ပါလာတဲ့ ကျွန်တော် မမြင်ဘူးတဲ့ ဒေသတစ်ခုမို့ ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေမိဧ။် ။ ကားက အရှိန်အနည်းငယ် လျော့အသွား မြင်လိုက်ရတဲ့ ဆိုင်းဘုတ်တစ်ခု၊ ခမ်းနားထည်ဝါစွာ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တစ်ခုဆို ပိုမှန်ပါလိမ့်မယ်။
“INSTITUTION OF MENTAL HEALTH”
ကျွန်တော် သေချာဖတ်နေမိတော့ ကားမောင်းနေတဲ့ ပရောဂျက်မန်နေဂျာက “မင်း ဒီနေကို သိလားတဲ့”။ ကျွန်တော်သွက်လက်စွာပဲ မသိဘူးလို့ အဖြေပေးလိုက်တယ်။ သူက ထပ်မေးတယ် .. “မင်း Mental ဆိုတာကို သိလား” ... ”သိပါတယ် .... စိတ်နဲ့ သက်ဆိုင်တာကို ပြောတာပါ” ..“အင်းဟုတ်တယ် ဒီနေရာက တကယ်တော့ စိတ်နဲ့ပတ်သတ်ပြီး ရောဂါရနေတဲ့ သူတွေကို ကုသပေးနေတဲ့ နေရာတစ်ခုပေါ့”။ ကျွန်တော်သိလိုက်ပါပြီ ဒါဆို ဒီနေရာက စိတ်ရောဂါကု ဆေးရုံပေါ့။ ကျွန်တော် ပိုစိတ်ဝင်စားသွားမိတယ်။ ဒီနိုင်ငံက ဒီလိုဆေးရုံကြီးက ဘာလို့များ ဒီလောက် ကြီးကျယ်ခမ်းနားနေရပါသလဲ အတွေးတွေ ပွားမိရင်း ပွားမိရင်းနဲ့ပေါ့ ။
ကြုံတုန်း ကြွားတယ်လို့ မထင်ပါနဲ့။ ကျွန်တော့် ရာထူးက ဘာလဲဆိုလားပဲ။ သူတို့ပြောတာတော့ "Field Service Engineer" တဲ့။ ကွန်တော်တို့က ဒီဆေးရုံမှာ "Panic Alarm System" ကို တပ်ဆင်ပေးနေရတယ်။ ဒီစနစ်က လူနာတစ်ယောက် (စိတ်ရောဂါခံစားနေရသူ) စိတ်ဖောက်လာတဲ့အခါ သက်ဆိုင်တဲ့ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ရဲတွေစီကို အလိုအလျောက် အကြောင်းကြားပေးတဲ့ စနစ်တခုပါ။ ဒါမှသာ အဲဒီလူနာနဲ့ အနီးကပ်ရှိနေတဲ့ သူနာပြုရဲ့ အသက်အန္တရာယ် ကာကွယ်ပေးရာ ရောက်မှာပါ။
ကျွန်တော့်ကို ပရောဂျက် အင်ဂျင်နီယာနဲ့ မိတ်ဆတ်ပေးပြီးနောက်မှာ ကျွန်တော်ဟာ မယောင်မလည်နဲ့ လုပ်ငန်းခွင်ထဲကို ရောက်ခဲ့ပါတယ်။ အပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေသလောက် အတွင်းမှာ အော်ဟစ်နေကြတဲ့ ထောင်သားတွေရဲ့ အသံကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်းတောင် ထမိပါတယ်။ မန်နေဂျာက မှာကြားတဲ့ များပြားလှစွာသော စကားတွေကို ကျွန်တော်နားထောင်နေရင်း သက်မတစ်ချက်ကို တိတ်တိတ်လေး ခိုးချလိုက်မိဧ။်။
- အ၀င်အထွက် တံခါးကို ခွင့်ပြုချက်မရပဲ မဖွင့်ရန်
- ဖွင့်ဝင်တဲ့ တံခါးတိုင်းကို သေချာစွာ ပြန်ပိတ်ရန်
- လုပ်ငန်းခွင်အတွင်း မျက်စိရှင်ရှင်ထားရန်
- ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတိုင်းကို ၀င်မပါရန်
- ဘာစမ်းသပ်မှုပဲ လုပ်လုပ် သက်ဆိုင်ရာ တာဝန်ခံကို အကြောင်းကြားရန်
- ဘယ်လူနာမှ ကိုယ့်ဘေးသို့ အကပ်မခံရန်
- လူနာမူမမှန်ပါက တတ်နိုင်သလောက် ဝေးဝေးရှောင်ရန်
- အကြောင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုဖြစ်ပါက လူနာကို ထိခိုက်အောင် မလုပ်မိစေရန်
- အမြဲတမ်းလွတ်မြောက်ဖို့ လမ်းကို ရှာပြီးမှ လူနာများနေရာ အခန်းသို့ ၀င်ရန်
- .....
- .....
ဘုရား ဘုရား ကျွန်တော်ဟာ အော်ပရေးရှင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရမယ့် ကွန်မန်ဒိုများဖြစ်သွားလေပြီလား။ စိတ်မောစွာနဲ့ပဲ ၀မ်းတထွာအတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်ရတော့မယ်လေ။
@@@@@@@@@@@
@@@@@@@@@@@
နှင်းတွေမကြွေ မြူတွေမဆိုင်းပါပဲနဲ့ ကျွန်တော့်ရင်ထဲမှာ အေးခဲခိုက်တုန်နေမိတယ်။ ဒီနေ့က IMH ကို တစ်ယောက်တည်း စတင်လာရတဲ့ နေပေါ့။ တက္ကစီပေါ်က အဆင်းမှာ ကျွန်တော်တာဝန်ကျရာ Block 7 သို့ ထွက်လာလိုက်တယ်။ သြော် ကျွန်တော်ပြောဖို့ မေ့နေခဲ့တယ်။ ဒီဆေးရုံမှာ block ပေါင်း ၉ ခုတိတိရှိပါတယ်။ တော်တော်ကို ကြီးတဲ့ ဆေးရုံကြီး တစ်ခုပါ။ Block 7 ဆိုတာကတော့ လုံးဝကို ပြန်လွှတ်လို့ မဖြစ်နိုင်တဲ့ စိတ္တဇထောင်သားတွေကို ဖမ်းချုပ်ရာ နေရာတစ်ခုပါ။
ကျွန်တော် လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ ပထမ မိန်းတံခါး တစ်ချပ်ပွင့်လာတယ်။ ကျွန်တော်လျင်မြန်စွာ ၀င်လိုက်ပြီး တံခါးကို အမြန်ပြန်ပိတ်လိုက်တယ်။ ကိုယ့်ကိုကိုယ် ရန်သူနယ်မြေကို ချည်းနင်းဝင်ရောက်လာတဲ့ ကွန်မန်ဒို တစ်ယောက်လို သဘောထားနေရတယ်။ ဒုတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေကို ထမင်းကျွေးရာ နေရာတခု၊ အတွင်းဘက်ကို ကြည့်လိုက်တော့ ထောင်သားတွေကို တံခါးတစ်ချပ်သာ ခြားနေပြီး လှမ်းမြင်နေရတယ်။ ကျွန်တော်ရင်တွေ ခုန်နေတယ်။ ကောင်မလေးကို ရည်းစားစကားပြောတုန်းကတောင် အဲဒီလောက် ရင်မခုန်မိဘူး ..း) ။ တတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေ နားနေရာ နေရာတစ်ခု။ တီဗွီတစ်လုံးနဲ့ ခုံတန်းတစ်ချို့လွဲရင် ဘာမှကို မရှိ။ နောက်ဆုံး တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါနောက်ဆုံးတံခါး တစ်ချပ်ပါ။ အဲဒီနောက်မှာ တာဝန်ရှိသူတွေက စစ်ဆေးအပြီးမှာ ကျွန်တော့်တို့ စနစ်တပ်ဆင်မယ် အဓိက Riser ကို သွားခွင့်ရခဲ့ပါတယ်။
အစက အဲမှာ လုပ်ဖို့ စိတ်တွေလေးနေပေမယ့် နောက်တော့ နေသားကျသွားလို့ပဲလား မသိပါဘူး။ ထောင်သားတွေကတောင် ကျွန်တော့်ကို မနက်ဆို လှမ်းနှုတ်ဆတ်ကြ .. ညနေအပြန်နှုတ်ဆတ်ကြနဲ့ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ တကယ်တော့ သူတို့ ဘ၀က သနားဖို့ ကောင်းပါတယ်။ တသက်လုံး ဒီလိုပဲ သွားရတော့မယ်လေ။ အပြင်လောကဆိုတာ သူတို့ဘ၀အတွက် အိပ်မက်တစ်ခုပဲ ဖြစ်နေတော့မှာပါ။ သူတို့ရဲ့ ဘ၀ကံက တကယ်ကို ဆိုးလှပါတယ်ဗျာ။
အဲဒီလိုနဲ့ပဲ Block တစ်ခုပြီး တစ်ခုနဲ့ ပရောဂျက်ပြီးတယ်အထိ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။ တခြား Block တွေကတော့ ထောင်မဟုတ်ပါဘူး။ စိတ်ရောဂါသက်သက်ကုတဲ့ နေရာပါပဲ။ ဒါပေမယ့် ထောင်လိုပဲ ချူပ်နှောင်ထားရတယ်။ ဘာလို့လဲဆိုတော့ သူတို့ စိတ်ဖောက်ရင် ကြောက်ဖို့ကောင်းလို့ပါပဲ။
တချို့လူနာတွေကို နေ့ပိုင်း စောင့်ရှောက်ပေးတဲ့ NURSING HOME များလည်း ဒီဆေးရုံဝင်းထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ ကလေး မူကြိုပို့သလိုပေါ့။ မနက် မိသားစုဝင်တွေက အလုပ်မသွားခင် သူတို့ကို ဆေးရုံမှာ ထားခဲ့ပြီး ညနေမှ ပြန်လာခေါ်ကြတယ်လေ။ တချို့ဆို ဆေးရုံဝင်းထဲ ဒီအတိုင်း လျှောက်သွားနေတတ်ကြတယ်။ သူတို့ကတော့ စိတ်သိပ်မဖောက်တဲ့ သူတွေပေါ့။
ကျွန်တော် IMH မှာ လုပ်နေရင်း တစ်လလောက် အကြာမှာပေါ့ ... နေ့လည်စာ ထမင်းကို ဆေးရုံရဲ့ စားသောက်ဆိုင်တန်းမှာ စားနေရင်း လူတစ်ယောက် လမ်းလျှောက်တာကို သတိထားလိုက်မိတယ်။ သူက ရှေ့သို့ လျှောက်နေတာပါပဲ။ ဒါပေမယ့် ရှေ့ကို မရောက်ဘူး .. ခေါင်းတစ်ခြမ်းကလည်း စောင်းနေတယ် .. ငိုက်စိုက်ငိုက်စိုက်နဲ့။ အ၀တ်အစား ၀တ်ထားပုံက သေသေသပ်သပ်ပါ။ ကျွန်တော်သူ့ကို ကြည့်ပြီး “အော် .. ဒီလူက ယဉ်ယဉ်လေးနဲ့ ရူးနေတာ ထင်ပါရဲ့” လို့ ညဉ်းမိတယ်။ အဲဒီအခါ ကျွန်တော်နဲ့ ထမင်းအတူတူ စားနေကြတဲ့ စီနီယာနှစ်ယောက်က ခွက်ထိုးခွက်လန် ရီပါလေရောဗျာ။ ကျွန်တော်က ကြောင်တောင်တောင်နဲ့ပေါ့။ နောက်မှ သူတို့က “အဲဒါ လူနာမဟုတ်ဘူးကွ၊ ဒီဆေးရုံရဲ့ စီနီယာ ဒေါက်တာကွ” လို့ ပြောတော့မှ ကျွန်တော်ပါ ရီလိုက်ရတာ အူမတက်ပါပဲ။ ဆရာဝန်တွေလည်း ကြာလာတော့ လူနာတွေ ပုံစံပြောင်းလာတာပဲလား မသိဘူး။ ကျွန်တော်လည်း နောက်ဆို အဲလိုဖြစ်သွားမလားဆိုပြီး မဆီမဆိုင် တွေးပူမိပါသေးတယ်။း)
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဆေးရုံပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ လူတိုင်းလိုလိုကို ရင်းနှီးလာခဲ့ပါတယ်။ လူနာတွေက အစပေါ့။ တချို့ Block တွေ ကျွန်တော်သွားပြီဆိုရင် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြ တာဗျာ.. ဘေးက ကြည့်ရင်တော့ ကျွန်တော့်ကိုပါ လူနာထင်မလားပဲ။ တစ်နေ့ သတင်းတစ်ခု ကြားလိုက်ရတယ်။ လူနာတစ်ယောက် စိတ်ဖောက်ပြီး သူနာပြုတွေကို တိုက်ခိုက်၊ တံခါးတွေ ချိုးဖြတ်ပြီး ထွက်ပြေးသွားတယ်တဲ့။ တာဝန်ရှိသူတွေလည်း ခေါင်းပူရတာပေါ့။ သူ့ကို အမြန်ဖမ်းဆီးနိုင်ဖို့ အပူတပြင်း လိုက်ကြလေရဲ့။ ဒါပေမယ့် ညမိုးချုပ်တဲ့ အထိ ရှာလို့မတွေ့ခဲ့ပါဘူး။ အဲ ... နောက်နေ့မနက်လည်းရောက်ရော အဲ့ဒီလူနာက ပြန်ရောက်လာတယ်။ အဲဒီတော့မှပဲ အားလုံးက စိတ်အေးကြရတော့တယ်။ ကျွန်တော်ထင်ပါတယ် .. သူလည်း ထွက်ပြေးပြီးမှ နေစရာနေရာကမရှိ စားစရာကလည်း မရှိတော့ နောက်ဆုံး အိမ်ပဲ ပြန်တာပဲ ကောင်းပါတယ်ဆိုပြီး ပြန်လာခဲ့တယ် ထင်တယ်။ အဲလိုမျိုး အဖြစ်အပျက်တွေလည်း တော်တော်များ တွေ့ကြုံခဲ့ရပါတယ်။
ကျွန်တော်လည်း နေ့စဉ်မြင်နေရ ကြားနေရတဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး အတွေးဝင်မိပါတယ်။ ဒီနိုင်ငံကလူတွေက အလုပ်ကိုပဲ ဖိလုပ်ကြတယ်။ ငွေအတွက်ပဲ ရှင်သန်ကြရတယ်။ နေ့စဉ် စိတ်ဖိစီးမှုတွေများတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးကြတယ်။ အိုမင်းလာတဲ့ အခါမှာလည်း သားသမီးရဲ့ စောင့်ရှောက်မှုကို မခံကြရပါဘူး။ သားသမီးတွေက လူအိုရုံတွေကိုပဲ ပို့လိုက်ကြတာပါပဲ။ ကျွန်တော်သတိထားမိသလောက် ဒီနိုင်ငံမှာ လူအိုရုံတွေ၊ သက်ကြီးစောင့်ရှောက်ရေးစင်တာတွေ တော်တော်များကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလိုနိုင်ငံတွေမှာ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ် မလိုက်နာကြတာတွေတော်တော်များ ရှိနေကြပါလားဗျာ။
တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသာလျှင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းပြိး ကျင့်ဝတ်သီလရှိသူတွေ စောင့်ထိန်းကျသူတွေကို တွေ့နိုင်ပါသေးတယ်။ ဒီတစ်ခုအတွက်တော့ ကျွန်တော့်တို့ နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက် ကြေနပ်နေမိပါတော့တယ်။
PS: ကျွန်တော် နောက်ဆုံးပြောချင်တာက စိတ်ဖိစီးမှုကို သိပ်မထားပါနဲ့။ ဘယ်အခက်အခဲနဲ့ပဲ ကြုံကြုံ အောင်မြင်စွာဖြေရှင်းနိုင်မှာပါ ဆိုတဲ့ စိတ်မွေးပြီး ရှေ့ဆက်ကြပါ။ အရာရာကို လွယ်လွယ်သာတွေးပြီး တဆင့်ခြင်း လုပ်သွားပါ။ ပျော်ရွှင်မှုရဲ့ အရသာကို ရှာဖွေ ဖော်ထုတ်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်။
လေးစားစွာဖြင့်
ညလင်းအိမ်

7 comment[s]:
Post a Comment