အမှန်ကို ၀န်ခံပါသည်။ တခါမှ တက်ဂ်မခံရဖူးပါ။ ပိုဆိုးတာက ဒီခေါင်းစဉ်.. ဒီအကြောင်းကို မေ့ထားတာ (ကြောက်လို့)။ ကျွန်တော့်ကို တက်ဂ်ဖော်ရတဲ့ ကိုဏီလင်းညို (ဒုက္ခပေးဖော်လည်းရတယ် .. စတာနော်)ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောပါရစေ...။ ကျွန်တော် တက်ဂ်ပို့စ်တခါမှ မရေးဖူးတဲ့အတွက် အမှားများပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ။ တတ်နိုင်သလောက်ကို ကြိုးစားပြီး ... ရေးပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်စိတ်ကူးတွေပုံဖော်ခဲ့တဲ့ ဒီဒိုင်ယာရီလေးမှာ ခုလိုမျိုး ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံ ခွင့်ရလို့ အရမ်းကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်။
~~~~~~~~
ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်ပေါ့လေ ...
(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…
ကျွန်တော် ရှိနေချင်တာက ကျွန်တော်ချစ်တဲ့ မိသားစုနဲ့အတူပါ။ ဆိုးတူကောင်းဖက်နဲ့ အတူတူအခြေချခဲ့ပြီးမှ ကြွေလွင့်ရမယ်ဆိုလည်း အတူတူ ကြွေလွင့်ချင်ပါတယ်။ အတူတူရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်တို့ မိသားစုက ဆွေမျိုးကင်းပါတယ်။ လိုရင်လာတတ်ပြီး မလိုရင် စိတ်ကူးထဲတောင်မထည့်တဲ့ ဆွေမျိုးတွေကို လျစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ အောက်ခြေကစပြီး ထူထောင်လာခဲ့ရတဲ့ မိသားစု သက်တမ်းမှာ ကိုယ်တိုင်ပါဝင် ခံစားခဲ့ရတဲ့ အတွက် နောက်ဆုံးခရီး ဆိုရင်တောင် ဒီမိသားစုနဲ့ပဲ ကျော်ဖြတ်ချင်ပါတယ်။
(၂) ဘာတွေခံစားနေရလဲ…
ခံစားနေရတာတော့ ပိုပြီးသာယာပျော်ရွှင်မယ့် မိသားစုတစ်စု (ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်အပေါ် အနိုင်ယူလွန်းအားကြီးတဲ့ ကောင်မလေးနဲ့အတူ) မဖန်တီးနိုင်ခင်မှာ ပျက်သုဉ်းရမှာကိုပဲ။ နောက်ပြီး ရည်ရွယ်ချက်တခုနဲ့ ခွဲခါလာခဲ့ပြီးမှ မပြည့်စုံပဲ တန်းလန်းကြီး ထွက်သွားရမှာကို နှမြောနေမိတယ်။
(၃) ဘာတွေပြင်ဆင်ထားမလဲ…
ပြင်ဆင်သင့်တာတွေကတော့ အများကြီးပါ။ ရတနာသုံးပါးကို နှလုံးသွင်းတတ်ဖို့။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတိုတောင်းလှတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ သူတဖက်သားအပေါ်ကို အပြစ်မလုပ်မိဖို့လည်း ပိုအရေးကြီးပါတယ်။ နာကျည်းစရာတွေရှိရင် မေ့လိုက်မယ်။ မုန်းလောက်မယ့် သူတွေရှိခဲ့ရင်လည်း အဆုံးထိတိုင် ခွင့်လွှတ်လိုက်မယ်။ ရိုးသားတဲ့ဘ၀လေးနဲ့ပဲ တတ်နိုင်သလောက် ရှေ့ဆက်မယ်။
(၄) ၀မ်းနည်းမိမှာက…
ဝမ်းနည်းမိမှာကတော့ မိဘကျေးဇူးကို ဆပ်ရမယ့် အချိန်တွေ တိုသွားလို့ပါ။ ယုံကြည်ချက်တခုနဲ့ မဖြစ်ဖြစ်အောင် လျှောက်လာခဲ့ပြီး မိဘရဲ့ အကူအညီကို ခုထိတောင်းခံနေရတဲ့ အတွက် အပြစ်တခုလို ခံစားနေရတဲ့အချိန်မှာ မိဘကို လုပ်ကျွေးပြုစုဖို့ အချိန်တွေနည်းသွားလို့ပါ။ နောက်ပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာပါ ကွယ်ပျောက်သွားခဲ့မယ်ဆိုရင်တော့ အရမ်းဝမ်းနည်းမိမှာပါ (ကမ္ဘာပျက်သုဉ်းရင်တောင် ဗုဒ္ဓဘာသာကို အရှည်တည်တံ့နေစေချင်ပါတယ်) ။
(၅) ကြောက်လန့်မိတာက…
ကြောက်လန့်မိတာက သိပ်မရှိပါဘူး ... သေရမှာ တခုတည်းပါး) ။ သေရင်တော့ အားလုံးထက်အရင် သေသွားချင်ပါတယ်။ ကျွန်တော်က နှလုံးသားနုတယ်။ အော်ပြီးငိုယိုနေကြတဲ့ လူသားတွေအားလုံးကို မမြင်ချင်ပါဘူး။ နှလုံးသားရပ်ပြီး သေသွားမှာတော့ကြောက်တယ်။ အဟီး အဲဒါကြောင့်း) ။
(၆) ဆောင်ထားချင်တာ…
ဆောင်ထားချင်တာက ကျွန်တော်တို့ ယုံကြည်ကိုးစားရတဲ့ ရတနာသုံးပါးပါ။ နောက်ပြီး လောကမှာ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး “ပျက်ချိန်တန်လို့ ပျက်တယ်” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမလေးတခုပါ (ပြောတာပြောချင်တာ သေချာမပြောတတ်လို့ဗျ) ။
(၇) ဘာတွေရေးမိမလဲ…
ရေးမိမှာကတော့ ကဗျာတွေပါပဲ။ ကဗျာကို အသက်လောက် ချစ်မြတ်နိုးတဲ့အတွက် ကဗျာတွေကိုပဲ ထုဆစ်မိနေအုန်းမှာပါ။ ကျွန်တော့်ကို တခြားအရာနဲ့ ဆွယ်လို့နေနိုင်ပေမယ့် “ကဗျာ” နဲ့ဆွယ်ရင် ကောက်ကောက်ပါအောင်လိုက်မိမှာ သေချာတယ်း) ။
(ဂ) တွေးမိတွေးရာ...
ကျန်ရှိတဲ့ အချိန်လေးကို ကြိုးစားမယ်။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းနေမယ်။ မည်သူ့အပေါ်မှ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ တို့ဖြင့် မကျူးလွန်မိအောင် နေထိုင်သွားမယ်။ ဘုရားတရားကို အချိန်ပေးပြီး လုပ်သွားမယ်လို့တော့ စဉ်းစားပါတယ်။
(၉) ဂုဏ်ယူချင်တာက…
ယခုဘ၀မှာ လူလာဖြစ်ရတာကို ဂုဏ်ယူချင်ပါတယ်။ ခံစားတတ်တဲ့ နှလုံးသားတစုံလည်း ရရှိခဲ့တယ် (အဲဒါကြောင့် ကဗျာတွေရေးနိုင်ခဲ့ရတာကိုး) ။ ပျော်ရွှင်မှုရသ အ၀၀ကိုလည်း ခံစားခဲ့ရတယ်။ ၀မ်းနည်း ကြေကွဲမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ လူဆိုတဲ့ အတန်းအစားရဲ့ ခံစားရမှု အစုံစုံကို ခံစားခဲ့ရလို့ပါပဲ ။
(၁၀) ရှာကြံဖြေသိမ့်မိတာက…
တော်သေးတာပေါ့ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကိုခံခဲ့ရလို့ (လူပျိုကြီးဖြစ်သွားမှာ တော်တော်ကြောက်နေတာ :P) ။ ကောင်မလေးက လက်ခံရင် ပျော်ရွှင်ရမယ့် မိသားစုလေးကို ဖန်ဆင်းဖို့ အချိန်ကျန်နေသေးလို့ (သိပ်တော့မကျန်တော့ဘူးနော် အဟီးဟီး ငိုချင်လာပြီနော် ) ။
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း...
ကျူးရင့်ချင်တာကတော့ ကဗျာလေးတပုဒ်နဲ့ပေါ့ (ကဗျာရူးဖြစ်နေလို့ပါ သီးခံကြပါနော်)
ကမ္ဘာ...ကမ္ဘာ...ကမ္ဘာ
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။
သူ့ သယံဇာတကို တူးယူ
ငါတို့ တည်မြဲယူခဲ့တယ် ။
သူ့ ၀မ်းတွင်းကျွမ်းလောင်
ပြိုပျက်အောင်လို့
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။
သူ့ အရိပ်အောက်မှာနေ
သူ့ အခက်ဘယ်လိုချိုးချိုး
ငါတို့စေရာ သူခံခဲ့တယ် ။
သူကတော့ ခွင့်လွှတ်သီးခံ
စိတ်ရင်းမှန်နဲ့
ငါတို့ကောင်းကြောင်း
သွန်းလောင်းပေးခဲ့တယ် ။
ငါတို့ ကတော့ သူ့ကို
လျစ်လျူရှုလို့ အပြစ်တွေပြုခဲ့တယ် ။
ခုမှ သူ့ကို သတိရကြောင်း
စာတွေလောင်းလည်း
သူအကြောင်းက မကောင်းတော့ဘူး ။
သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် ။
ငါတို့ မလိုက်ချင်လည်း
လိုက်ပါရတော့မယ် ။
ငါတို့ကို ချစ်ခဲ့တဲ့ သူ့ကို
ငါတို့ ပြန်ချစ်ကြပါစို့ ။
အခုတော့
ငါတို့အားလုံး
ကမ္ဘာကြီးကို တောင်းဆုခြွေကြမယ် ။
“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကြွေလွင့်မသွားခင် အထိလေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ငါတို့နဲ့အတူ ရှိပါစေ ”
(ကိုငှက်ရဲ့ သီချင်းကို ဖျက်လိုက်မိတာ အားလုံးကို တောင်းပန်ပါတယ်ဗျာ)
~~~~~~~~~
အားလုံးကို ခင်မင်လေးစားလျက်...ညရဲ့ကောင်းကင်
7 comment[s]:
မောင်လေးကတော့ ကိုဏီလေး ပေးတဲ့ တာဝန်လေး ကျေသွားပြီနော်။ အမပဲ ကျန်တော့တယ် ...း)
မောင်လေးရဲ့ အတွေးလေးက ပျော်စရာတော့ ကောင်းသားနော်။ ဒါပေါ့ မောင်လေးရေ ... မသေခင်မှာ ရတာနာ သုံးပါးကို မမေ့မလျှော့ မဘကျေးဇူးကို သိတတ်တဲ့ သားလိမ္မာလေး ဖြစ်လို့ ဂုဏ်ယူပါတယ်။
အင်း ...... ကောင်မလေးနဲ့လည်း မြန်မြန်နီးမှ ဖြစ်မယ်နော်...း) လူပျိုကြီး မလုပ်ချင်ဘူးဆိုလို့ ...း))
ကမ္ဘာပျက်သည့်တိုင်အောင် ကဗျာတွေ ရေးသီနိုင်သေးလို့ ၀မ်းသားပါတယ်။ ကဗျာလေးလည်း ဖတ်သွားတယ်နော်။ မောင်လေးလိုပဲ ဆုတောင်းနေမိတယ် ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ ...
ခင်မင်လေးစားလျှက်
သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် . . . . .
:)
လာဖတ်သွားတယ်ဗျို့
ပြင်ဆင်ပုံကောင်းတယ်
း)း)
ကဗျာတွေများများရေးနိုင်ပါစေ
ပျော်ရွင်ပါစေ
မေသူတို့ တော့ ဒီနေ့ ညနေ ကမ္ဘာသွားပျက်တော့မယ် ဝေးးးးးး
လိုက်မလား
:D
ဟာ...အပေါ်ကတစ်ယောက်ကတော့...ဒီနေ့ညနေသွားပျက်တော့မယ်ဆိုပါလားဗျ...:D...။
ကိုတူးရေ...
နံပါတ်(၁) အချက်ကတော့ အစ်ကိုနဲ့ကွက်တိပဲကွာ...။
အတွေးလေးတွေသဘောကျတယ်...။
ရေးပေးတာ..ကျေးဇူးပဲကွာ...။
ဘာစားမလဲ...ညီလေး...။ (တစ်ကယ်မကျွေးရလို့မေးတာ...။)
(အိမ်“ထောင်” တော်တော်ကျချင်နေပြီနဲ့တူတယ်...ဟုတ်လား...:)...)
ခင်မင်တဲ့...
ဏီလင်းညို
ငါ့ကိုကြီးရေ. အခုမှပဲလာဖတ်နိုင်တယ်. ကျွန်တော်လည်း ကမ္ဘာ ပျက်ကိန်းဆိုက်နေတာဗျ. အစ်ကို့ဆီးရောက်တော့ အော်ငါနဲ့ အတူတူ ပျက်မဲ့သူရှိပါသေးလားပေါ့. ဟေဟေ.
ငါ့ကိုကြီး ထမင်းရော ၀အောင်စားခဲ့ရဲ့လားဗျာ.။
ဘာပဲဖြစ်ဖြစ် ငါ့ကိုကြီး ရည်ရွယ်ချက်များ၊ အကြံအစည်များ၊ ကြိတ်၍ ကြံသောအကြံအစည်များ၊ ပေါ်တင်အကြံအစည်များ ကမ္ဘာကြီးမကျွေလွှင့်မှီ အကောင်ထည်ပေါ်ပါစေဗျာ.
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
ဏီလင်းညို ညွှန်းထားတာတွေ့လို့ လာဖတ်တယ် ... အင်း .. ညွှန်းသလိုပဲ ကဗျာလေးတွေ အရမ်းကောင်းတယ် .. ကမ္ဘာပျက်ချိန်ကို တစ်ဟောက်တစ်မျိုးလေးတွေ တွေးထားတာ လိုက်ဖတ်ကြည့်တာ .. အတွေးလေးတွေ ကောင်းကြလို့လေ ..
Post a Comment