Friday, April 22, 2011

“ရင်ထဲက စာစုတို ကဗျာလေးများ (၂)”

ပန်းမြိုင်အလယ် ပွင့်လန်းပေစွ
တင့်ဆန်းလှတဲ့ အို ... စံပယ်
တစ်ငုံတစ်ဖူး ဆွတ်ခူးရုံမျှ
ရနံ့လွန့်မြူး ကြည်နူးသမို့
သီရန်ရွယ်စူး ကိုယ်ခူးခဲ့သည်
မေ့ ... တွက်မို့လေ စံပယ်ဖူးနှင့်
စိတ်ကူးရုံမျှ ရင်စူးလောက်အောင် ရူးရသည် ...။

@@@@@@@@@@@@@@@@@@@@@@@@@

မလှမ်းချီ ၀င့်မီ(မှီ)ကတင်
ရနံ့တွေ ကြွေလွင့်ပြီမို့
အခက်ရယ်တွေ့အောင်
မုန်းမေ့တော့မှာလား ... မေ ...
သစ္စာတွေ စူးရပါရဲ့
မေတ္တာမိုးသားစွန်းမှာ
ငွေ့ရည်လေး ဖွဲ့ရုံနဲ့တင်
မောင့်ရင်မှာ ရူးရပြီမို့ ...
နှောင်းမြေ့ကျွမ်းလောင် မဆွေးအောင်
ပစ်ခွာကာအဝေး မပြေးပါနှင့် ...။

@@@@@@@@@@@@@@@@@@@@@@@@

ရနံ့မကြွယ် တစ်ပွင့်ပန်းမို့
အပွင့်အ၀ါ ဖြူပြာတွေကြား
စောင့်မျှော်ငေးလင့် ပွင့်နေရုံသာ ...။

@@@@@@@@@@@@@@@@@@@@@@@@

ညဉ့်ယံဦး၌ မြရည်ဆွတ်လူး
ရနံ့ထူးသော ဆိတ်ဖလူးရုံ
လရောင်စုံအောက် မှုန်ပြာမှိုင်တွေး
တစ်ကိုယ်ရည်ဆွေး ...။

@@@@@@@@@@@@@@@@@@@@@@@@

အိပ်မက်တွေ တသီတတန်းနဲ့
နန်းချခံလိုက်ရတဲ့ နံနက်ခင်း
“သူ”ပေးတဲ့ အလင်းတစ်စက်နဲ့
လင်းမြစိုစွတ်ခဲ့တယ် ...။

ခါတော်မှီ ပန်းတွေ ပွင့်လန်းစရာ မလိုပါဘူး
“သူ”ပေးတဲ့ နှုတ်ခမ်းရိုက်သံ သဲ့သဲ့နဲ့တောင်
ကျနော် ရင်မှာ ရနံ့သင်းပျံ့မှတော့
ချစ်သူရေ တစ်စက္ကန့်ရွေ့တိုင်း လွမ်းးးတယ် ...။

@@@@@@@@@@@@@@@@@@@@@@@

အိပ်မက်တွေ ကပိုကရိုနဲ့
ကဗျာဆန်တဲ့ည
အလင်းတွေ ဖရိုဖရဲနဲ့ပဲ
အဆုံးသတ်သွားတယ်
ကျနော်မှာတော့ အိပ်လို့ကောင်းတုန်း ...။

@@@@@@@@@@@@@@@@@@@@@@@

အကြည့်တရှိုက် အပြုံးအလှစ်မှာ
အပွင့်တွေပြိုကျလာတာ
ဘာနဲ့မှ နှိုင်းမရဘူး ..
ကောင်မလေးရယ် ...
တကယ်တော့ငါဟာ
တမ်းတရုံနဲ့ရူး
အချစ်ဦးတွေ ဖူးခဲ့တာ
ဘယ်မေ့နိုင်ပါ့မလဲ ...
အနာဆိုပေမယ့်
အမာရွတ်တွေ လှပချင်တုန်းပါပဲ ...
မင်းရနံ့မှာ ရစ်မူးပျော်ဝင်တာလောက်
လှတဲ့ မျက်ရည်မရှိမှတော့
ငါကြွေမယ့်လမင်း မင်းအတွက် ဖြစ်ပါစေလေ ...

@@@@@@@@@@@@@@@@@@@@@@@
စုဆောင်းထားမိတဲ့ စာအတိုအတွာလေးတွေပါ ...။

Tuesday, April 5, 2011

“သင်္ကြန်မြင်ကွင်း”

ပိတောက်တွေ ၀ါရွှေဦး
ပင်ဦးမှာ ဖူးပါလို့
ရနံ့ရယ် စူးလှတဲ့
နွေဦးရဲ့ သွန်းချိန်တန်
အတာမိုး သုတ်အဖြူး
လေရူးက ပင့်သက်လျှံ
သင်္ကြန်က မာန်ဝင့်ဝင့်
တန်ခူးနှင့် ပနံ့သင့်လှပေတယ် ...။

အကြို နဲ့ အကျ
အပွင့်တွေ ပြိုကျတဲ့
ရွှေငုဝါ ပွင့်ဖတ်တွေ
ပိတောက်နှင့် အပြိုင်
သင်္ကြန်ကို ဖော်ကြူး
နှစ်သစ်ကို ကူးကြမည်မို့
အချစ်အတွက် ရွယ်စူး
တချို့တွေ ခူးကြမည် ...။

အကြတ် နဲ့ အတတ်
ပိတောက်တခတ်နှင့်
မွှေးနံ့သာပတ်ဖြန်း
ယဉ်ကျေးမှု အတတ်စွမ်းနဲ့
တို့ရိုးရာ သင်္ကြန်
တို့အမျိုးသား ဟန်ကို
တို့တတွေ စောင့်ရှောက်
နှစ်သစ်ကို ဖောက်ရမည် ...။

ခုတော့ ...
နှစ်သစ်လည်းဆန်းပြီ
ရွှင်လန်းစွာပတ်ဖြန်းတဲ့
လမင်း ၀င်းပပ
အလင်းရောင်က လှ လှတယ် ...
အတာရေ အေးအေး
ဘယ်သူ မမွှေးမွှေးပေါ့
ကျွန်တော့်ရင်မှာ အေးလှတယ် ...။

အတာ နှင့် အင်္ကြန်
ပိတောက် နှင့် ငုဝါ
ဒီအရှိန်အ၀ါတွေက
အစဉ်သာ ရောင်စဉ်ဟပ်
ထာဝစဉ် ဒီတစ်သက်မှာ
ကျွန်တော် ...
ဘယ်မေ့ရက်နိုင်ပါ့မလဲ ...။

ညလင်းအိမ်
(၅.၄.၁၁)

Monday, April 4, 2011

“မင်္ဂလာပါ နံနက်ခင်း”

ဖူးသစ်စအလင်း
ကြူးရင့်ကြ နံနက်ခင်းမှာ
နှင်းနုအကြွင်းတစ်ခင်းက
အတင်းလုပြီး ခွင်းလာတယ် ...။

(သို့ပေမယ့်)
ထွက်သစ်စ နေမင်း
ကမ်းလင့်ကြ ဒီအလင်းကြောင့်
ခမ်းလွင့်စ နှင်းစက်ခမျာ
ကြွမ်းရင့်ကာ ကြွေကြရရှာတယ် ...။

(အဲဒီအချိန်)
မြသားနှယ် အဆင်း
လှစကားကြွယ် သီချင်းနဲ့
လာကြွားတယ်ထင်တဲ့ ငှက်ကျေးကိုမှ
ဘာသာစကားလွယ်လွယ် ပြန်ပြောလိုက်တယ် 
မင်္ဂလာပါ နံနက်ခင်း ... လို့ ...။

ညလင်းအိမ်
(၄.၄.၁၁)

“ဆည်းဆာချိန်”


နေ၀င်ပျိုးပျ
သွန်းလဲ့ဆည်းဆာ
ကျေးငှက်ဝါတို့
တောင်ပံခြင်းယှက်
အိပ်တန်းတက်ချိန်
ပြာလွင်ကောင်းကင်
ညို့တန်းဆီက
မှိုင်းဝေမြူးလူး
ရနံထူးကို
ကျွန်တော်ရဧ။် ...။

တိမ်ညိုတောင်ဆွယ်
ပင်တန်းငယ်က
လေပြေညှင်းသွဲ့
ပန်းပျိုနံ့နှင့်
ယိမ်းနွဲ့လှုပ်ရှား
သစ်မွှေးပင်ကြား
မြေဆီမြေနံ့
သင်းပျ့ံပျံ့ကို
ကျွန်တော်ရဧ။် ...။

ရေစင်သွယ်သွယ်
ဝှေ့ဝင်စီးဆင်း
ကွေ့လျားရစ်ပတ်
ထုတ်ချင်းထွက်သည့်
တောင်စောင်းနဘေး
စမ်းချောင်းလေးက
ကြည်လင်အေးချမ်း
တိတ်ဆိတ်ခြင်းကို
ကျွန်တော်ရဧ။် ...။

နေ၀န်းနီတောက်
တောင်စွယ်နောက်မှာ
မှောင်ရီဖုံးစဉ်
မိုးသားစွန်းက
ရောင်စဉ်ပြေလျော့
ဖြန့်ကျက်ထိုးဝင်
ဆည်းဆာချိန်သည်
ဆွတ်ရည်ငေးလင့်
လွမ်းသင့်ခြင်းကို
ကျွန်တော်ရဧ။် ...။

ညလင်းအိမ် (၄.၄.၁၁)
@@@~~~@@@

Saturday, April 2, 2011

“ချစ်ခြင်းဖွဲ့”

သခင့်အတွက် စပ်ဆိုသည့်
ချစ်ခြင်းဖွဲ့ ဒီကဗျာ
ရင်တွင်းအသည်းညှာမှာ
တဆစ်ဆစ်နာတယ် ...။

ရွယ်ရည်လို့ခူး
သီဖူးသမျှ စံပယ်တွေ
ဒဏ်ရာတွေ အဆုပ်လိုက်ပါပဲ
ကြွေ လွင့် နွမ်း လျှ
ရင်မှ တရှရှနဲ့
မျှော်လင့် တမ်းတ လွမ်းနာကျတယ် ...။

သခင့်အလိုစေသား
နှုတ်ဖျားတော် တစ်ခွန်းအထွက်မှာ
ရာဇ၀တ်သားလို ဒဏ်သင့်ပါစေ
နှလုံးသားကို ဖြန့်ခင်း
သခင့် စေရာ နင်းခဲ့ပြီးမှ ...

အခုတော့လည်း
ခဲလေသမျှ သဲရေကျ
သခင့်အလိုအရ
ဝေးနေရတယ် ...။

ဘာပဲဖြစ်ဖြစ်
မညာပဲ ချစ်ပါရစေ သခင်
စံပယ်တွေ မပွင့်သော်လည်း
ဆန္ဒတွေ ပွင့်မယ့်တနေ့
ချစ်ခြင်းဖွဲ့ ဒီကဗျာကို
လေပြေရယ် ဆောင်ယူပါစေသား ...။

ညလင်းအိမ်
(၂.၄.၁၁)

Wednesday, March 23, 2011

“ကြက်ခြေခတ် ၀င်းရိုးစွန်းနဲ့ နေတစ်ခေတ် လတစ်ခေတ် ကောင်းကင်”

ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် )

နေတစ်ခေတ် လတစ်ခေတ်နဲ့
သက္ကရာဇ်ကတောင်
ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ
ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင်
ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ
ဆေးခါး ကြိုက်နေမှတော့
သကာလိုက်လည်း မမှီတော့ဘူး
အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း
ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ
ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း
ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ်
တကယ်တော့ အချစ်ဆိုတာ
နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး
သစ္စာဆိုတာ သူ့အတွက်
ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား
မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့
ကြယ်ပျက်တစ်လုံးလိုပဲ . . .
သတိရပေးပါ ဒီဇင်ဘာရယ်
အချမ်းပို ဆောင်းညတွေမှာ
ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ
ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် )

ကျွန်တော်ဆိုတဲ့ ကျွန်တော်
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အလွမ်းခြေရာ ပြန်ကြည့်ရင်း
အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ်
တကယ်တော့ နာကျင်မှုဆိုတာ
သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး
သံယောဇဉ်ဆိုတာ သူ့အတွက်
အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ
တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့
ကောင်းကင်တခြမ်းလိုပဲ . . .
နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ်
ညနေခင်းလေးမှာ
နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ
နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို )

စံပယ်ရုံ ရနံ့တွေက
သင်းကနဲ လှိုက်ကနဲ
ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . .
ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့
ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ
ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို
ကဗျာတွေထဲ ရောသောက်လိုက်တယ်
သွေးကြောထဲက တင်းမာလာတဲ့
မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့ မျက်ရည်တွေ
မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်)

စွယ်တော်ရွက် ကြွေသံလေးတွေက
ဖောက်ကနဲ ဖောက်ကနဲ
ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . .
ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း
သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ
ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို
ကဗျာတွေထဲ ငှဲ့ချလိုက်တယ်
ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့
သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့သစ္စာတွေ
မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို )

ဒီဇင်ဘာ . . .
နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့
စွယ်တော်ရွက်လေးတောင်
ကျကွဲသွားပြီပဲ
ကိုယ်တို့ နှစ်ယောက်လည်း
နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့
ဒါပေမယ့် ကောင်မလေးရယ် . . .
နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင်
သစ္စာပန်းအထပ်ထပ်နဲ့
မေတ္တာလမ်းဆက်ခဲ့တဲ့
ဆောင်းကြွင်း တစ်နေရာက
ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက်
စံပယ်ဖြူပွင့်တွေနဲ့ အတူ
နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့
ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် )

ဒီဇင်ဘာရောက်ရင်
ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ
ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ်
အိမ်မက်တွေ အညတရ ဆန်ခဲ့တယ်
စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့
ကဝေပျိုမငယ်လေးရယ် . . .
ဒီနေ့ မိုးမရွာပေမဲ့
ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ်
ကျေနပ်ခဲ့ပါတယ် . . .
နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ
ငါ့သစ္စာပန်းခင်းဟာလည်း
အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ
သွားပါတော့
ဒီဇင်ဘာရယ်. . .
ဘာမှမကျန်တော့တဲ့
ရနံ့မဲ့ သစ္စာဟောင်းတွေကို
ခိုးဝှက် ရှိုက်နမ်းရင်း
ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို )


@@@@@ ---- @@@@@

ကျွန်တော် ညလင်းအိမ် နဲ့ လင်းခေတ်ဒီနို (ဗညား) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်စလုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြပါတယ်။ ခေါင်းစဉ်နဲ့ တည်းဖြတ်ကတော့ ဗညားပါ။

Thursday, March 17, 2011

“မိန်ရာသီဧ။် အိန်ဂျယ်လ်”

နှင်းစက်မြူခိုးတွေအဆုံး
ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်
မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။

ဒီအချိန်ဆို
ကောင်းကင်ပြင် ရာသီခွင်၌
ငါးနှစ်ကောင် နက္ခတ်တို့ ပျော်မြူး
အိန်ဂျယ်လ်ဆီ အခေါ်ထူးကြပေလိမ့်မည်။

လေရူးတသုန်သုန်မို့
နွေဦးကို အကြိုထောက်တယ် ထင်ပါ့
စံပယ်ရုံ သင်းရနံ့တွေနဲ့တင်
ရက်တွေတိုင်းက မွေးပျံ့လှတယ်။

ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ
ဤကမ္ဘာမြေဟာလည်း
ချစ်သင်္ကေတတို့ ထုံမွှမ်း
သစ္စာတွေ စုရုံးခဲ့ကြပြီ။

ကဗျာလို နူးညံ့ခြင်းမျိုး
လေပြေလို သန့်စင်ခြင်းမျိုးနှင့်
ရှင်သန်ရာ သူတို့ဧ။်
ရာဇ၀င်သည်လည်း လင်းမြနေခဲ့ပြီ။

ဖြတ်သန်းခဲ့ရာ မိုင်တိုင်တိုင်း
သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။
လျှောက်လှမ်းရာ ရောင်နီတိုင်းသည်လည်း
အားအင် ပြည့်စွာ ရုန်းကြွနေလိမ့်မည်။

ဤသို့ဆိုလျှင်
ယနေ့၌ ကျရောက်သော မွေးနေ့မှစ၍
နောင် နှစ်ပေါင်းများစွာတိုင်
ဆောင်ယူရာ သတင်းတိုင်း
လေပြေလို အေးလို့
ပန်းခိုင်လို မွှေးလို့
ရေကြည်လို အေးမြပါစေသား ...။

ညလင်းအိမ်

(၁၇.၃.၂၀၁၁ မှာ ကျရောက်သော မမီး (မမိုးငွေ့) နှင့် ကြယ်တွေနဲ့ စံပယ်ကို မြတ်နိုးသူ တစ်ယောက် အတွက် ဤကဗျာလေးကို ရေးဖွဲ့ပါသည်)

Sunday, February 27, 2011

“မရောက်လာတဲ့ ... ကြယ်”


ကြယ်ကြွေကောက်ဖို့ လက်တစ်ဖက် မရှိခဲ့ပါဘူး
နယ်မြေဖောက်ဖို့တော့ ကြိုးစားခဲ့မိတယ်
ဒါပေမယ့် ...
ဒီလမ်းအဆုံးမှာမှ ပန်းတိုင်မရှိခဲ့တာ ...။

ဘယ်သူတွေ ဘာပြောကြမလဲ ???
ငါ ကတော့ ...
ရှာဖွေမှုတွေထဲ နွမ်းပါးစွာ ပျောက်ဆုံး
နိဂုံးက သပ်ရပ်လှပ သေဆုံးခဲ့တယ် ...။

တခွက်တမှုတ်လောက် ခပ်သောက်ရုံနဲ့ 
အဲဒီ ရေအိုး ခမ်းသွားကြေးဆို
ကြယ်မင်းသမီးရယ် ငါ့ နှလုံးသားကို တံဆို့ ရိုက်ခဲ့ပါ ...။

ငါ့မှာ မင်းကိုချစ်တာက လွဲရင်
ကြယ်တွေကို တမက်တမော နမ်းရှိုက်တတ်တဲ့ စိတ်ပဲ ရှိတာပါ ...။

အများကြီး မပေးရင်နေပါ
တအားကြီးတော့ ဝေးမသွားပါနဲ့ကွယ်
ဘာမှ မရခဲ့ဘူးဆိုရင်တောင်
ကောင်းကင် တမိုးအောက်မှာ
ကြယ်စု တွေ အရောင်တောက်လာတိုင်း
မင်း ကောက်ကြောင်းအောက်
ငါ မူးနောက်နေချင်သေးတယ် ...။

ညလင်းအိမ်
(၂၇.၂.၂၀၁၁)

Friday, February 25, 2011

ခေါင်းစဉ်ပေးရန် စကားလုံး မရှိပါ ..

လေညှင်းသံ သဲ့သဲ့တော့ ကြားတယ်
ကျွန်တော့်ကို ခေါ်တာ မဟုတ်ဘူး
အဖူးအငုံပွင့်တွေထဲမှာမှ ရနံကို ရှာမိတယ် ...။

ရေးထားခဲ့သမျှ ဒိုင်ယာရီတွေက ပြောတယ်
ကံကြမ္မာက လက်မခံတဲ့ ကောင်တဲ့ ...။
(ရှိပါစေတော့) ...။

တရားပါတယ် ... အားလုံး တရားကြပါတယ် ...
မှားနေတာက ကျွန်တော့်အတွေးနဲ့ ကျွန်တော် ...

ကျွန်တော်မငိုဘူး ...
မျက်ရည်ကျရုံလေးပါ ...
ရူးလောက်အောင် မျည်ရည်ကျရုံလေးပါ ...

လောကကြီးကို ဒူးတုပ်ပြီး  တောင်းပန်လိုက်တယ် ....
ကြယ်တွေက ငိုတယ် ...
ငှက်တွေက တေးဆိုတယ် ...
လူတွေက ကောင်းချီးပေးတယ် ..
ကောင်းကင်ကတော့ တရားချတယ် ...
လွတ်မြောက်ပါစေတဲ့ ...။

ဒီလိုနဲ့ပဲ ကျွန်တော့်ဈာပနက
လူမသိ သူမသိပါပဲ ပြီးဆုံးသွားတယ် ...။

ညလင်းအိမ် (၂၅.၂.၁၁)

Monday, February 7, 2011

စိတ်ဖိစီးမှုတို့ဧ။် နောက်ကွယ်

အားလုံး မင်္ဂလာပါဗျာ။ ကျွန်တော် ခုရက်အတောအတွင်း ဘာတွေဖြစ်မှန်းမသိဘူး။ သေချာတာတော့ ဘာမှ မလုပ်ချင်နေတာ ဖြစ်မယ်။ ဒါကြောင့် စာရေးခြင်း စာဖတ်ခြင်းအလုပ်ကို ခေတ္တခဏ နားထားမိတယ်။ အားလုံး တွေ့ပုချိပါ။ အခုတော့လည်း သူများတွေကို အားကျလို့  ပို့စ်တစ်ပုဒ်ရေးပါမယ်။ မျက်စိဒုက္ခခံကြပါ။ ဒန်.. တန် .. တန် ..။

@@@@@@@@@@@

လမ်းမကြီးရဲ့ အဆုံးမှာ ထိုးထွက်နေပြီး ထီးထီးမားမား တည်ရှိနေတဲ့ အုတ်နီရောင်အမိုးနဲ့ အဆောက်အအုံ ၀င်းကြီးတစ်ခု။ ဘေးပတ်ပတ်လည်မှာတော့ စိမ်းစိုလန်းဆန်းနေတဲ့ မြက်ခင်းနုနုများ၊ သေသပ်လှပစွာ ဖန်တီးပြုပြင်ထားသော တောင်ကုန်းမြင့် ကလေးများ။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်နဲ့ အဲဒီနေရာက ဒဏ္ဍာရီဆန်စွာ ဖြစ်တည်နေခဲ့တယ်။

ကားနောက်ခန်းမှာ နှုတ်ဆိတ်စွာ လိုက်ပါလာတဲ့ ကျွန်တော် မမြင်ဘူးတဲ့ ဒေသတစ်ခုမို့ ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေမိဧ။် ။ ကားက အရှိန်အနည်းငယ် လျော့အသွား မြင်လိုက်ရတဲ့ ဆိုင်းဘုတ်တစ်ခု၊ ခမ်းနားထည်ဝါစွာ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တစ်ခုဆို ပိုမှန်ပါလိမ့်မယ်။ 

“INSTITUTION OF MENTAL HEALTH”

ကျွန်တော် သေချာဖတ်နေမိတော့ ကားမောင်းနေတဲ့ ပရောဂျက်မန်နေဂျာက “မင်း ဒီနေကို သိလားတဲ့”။ ကျွန်တော်သွက်လက်စွာပဲ မသိဘူးလို့ အဖြေပေးလိုက်တယ်။ သူက ထပ်မေးတယ် .. “မင်း Mental ဆိုတာကို သိလား” ... ”သိပါတယ် .... စိတ်နဲ့ သက်ဆိုင်တာကို ပြောတာပါ” ..“အင်းဟုတ်တယ် ဒီနေရာက တကယ်တော့ စိတ်နဲ့ပတ်သတ်ပြီး ရောဂါရနေတဲ့ သူတွေကို ကုသပေးနေတဲ့ နေရာတစ်ခုပေါ့”။ ကျွန်တော်သိလိုက်ပါပြီ ဒါဆို ဒီနေရာက စိတ်ရောဂါကု ဆေးရုံပေါ့။ ကျွန်တော် ပိုစိတ်ဝင်စားသွားမိတယ်။ ဒီနိုင်ငံက ဒီလိုဆေးရုံကြီးက ဘာလို့များ ဒီလောက် ကြီးကျယ်ခမ်းနားနေရပါသလဲ အတွေးတွေ ပွားမိရင်း ပွားမိရင်းနဲ့ပေါ့ ။

ကြုံတုန်း ကြွားတယ်လို့ မထင်ပါနဲ့။ ကျွန်တော့် ရာထူးက ဘာလဲဆိုလားပဲ။ သူတို့ပြောတာတော့ "Field Service Engineer" တဲ့။ ကွန်တော်တို့က ဒီဆေးရုံမှာ "Panic Alarm System" ကို တပ်ဆင်ပေးနေရတယ်။ ဒီစနစ်က လူနာတစ်ယောက် (စိတ်ရောဂါခံစားနေရသူ) စိတ်ဖောက်လာတဲ့အခါ သက်ဆိုင်တဲ့ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ရဲတွေစီကို အလိုအလျောက် အကြောင်းကြားပေးတဲ့ စနစ်တခုပါ။ ဒါမှသာ အဲဒီလူနာနဲ့ အနီးကပ်ရှိနေတဲ့ သူနာပြုရဲ့ အသက်အန္တရာယ် ကာကွယ်ပေးရာ ရောက်မှာပါ။ 

ကျွန်တော့်ကို ပရောဂျက် အင်ဂျင်နီယာနဲ့ မိတ်ဆတ်ပေးပြီးနောက်မှာ ကျွန်တော်ဟာ မယောင်မလည်နဲ့ လုပ်ငန်းခွင်ထဲကို ရောက်ခဲ့ပါတယ်။ အပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေသလောက် အတွင်းမှာ အော်ဟစ်နေကြတဲ့ ထောင်သားတွေရဲ့ အသံကြောင့် ကျွန်တော် ကြက်သီးဖြန်းဖြန်းတောင် ထမိပါတယ်။ မန်နေဂျာက မှာကြားတဲ့ များပြားလှစွာသော စကားတွေကို ကျွန်တော်နားထောင်နေရင်း သက်မတစ်ချက်ကို တိတ်တိတ်လေး ခိုးချလိုက်မိဧ။်။
  • အ၀င်အထွက် တံခါးကို ခွင့်ပြုချက်မရပဲ မဖွင့်ရန်
  • ဖွင့်ဝင်တဲ့ တံခါးတိုင်းကို သေချာစွာ ပြန်ပိတ်ရန်
  • လုပ်ငန်းခွင်အတွင်း မျက်စိရှင်ရှင်ထားရန်
  • ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတိုင်းကို ၀င်မပါရန်
  • ဘာစမ်းသပ်မှုပဲ လုပ်လုပ် သက်ဆိုင်ရာ တာဝန်ခံကို အကြောင်းကြားရန်
  • ဘယ်လူနာမှ ကိုယ့်ဘေးသို့ အကပ်မခံရန်
  • လူနာမူမမှန်ပါက တတ်နိုင်သလောက် ဝေးဝေးရှောင်ရန်
  • အကြောင်းမတိုက်ဆိုင်လို့ တိုက်ခိုက်မှုဖြစ်ပါက လူနာကို ထိခိုက်အောင် မလုပ်မိစေရန်
  • အမြဲတမ်းလွတ်မြောက်ဖို့ လမ်းကို ရှာပြီးမှ လူနာများနေရာ အခန်းသို့ ၀င်ရန်
  •  .....
  • .....
ဘုရား ဘုရား ကျွန်တော်ဟာ အော်ပရေးရှင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရမယ့် ကွန်မန်ဒိုများဖြစ်သွားလေပြီလား။ စိတ်မောစွာနဲ့ပဲ ၀မ်းတထွာအတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်ရတော့မယ်လေ။
@@@@@@@@@@@

နှင်းတွေမကြွေ မြူတွေမဆိုင်းပါပဲနဲ့ ကျွန်တော့်ရင်ထဲမှာ အေးခဲခိုက်တုန်နေမိတယ်။ ဒီနေ့က IMH ကို တစ်ယောက်တည်း စတင်လာရတဲ့ နေပေါ့။ တက္ကစီပေါ်က အဆင်းမှာ ကျွန်တော်တာဝန်ကျရာ Block 7 သို့ ထွက်လာလိုက်တယ်။ သြော် ကျွန်တော်ပြောဖို့ မေ့နေခဲ့တယ်။ ဒီဆေးရုံမှာ block ပေါင်း ၉ ခုတိတိရှိပါတယ်။ တော်တော်ကို ကြီးတဲ့ ဆေးရုံကြီး တစ်ခုပါ။ Block 7 ဆိုတာကတော့ လုံးဝကို ပြန်လွှတ်လို့ မဖြစ်နိုင်တဲ့ စိတ္တဇထောင်သားတွေကို ဖမ်းချုပ်ရာ နေရာတစ်ခုပါ။ 

ကျွန်တော် လူခေါ်ဘဲလ်ကို နှိပ်လိုက်တယ်။ ပထမ မိန်းတံခါး တစ်ချပ်ပွင့်လာတယ်။ ကျွန်တော်လျင်မြန်စွာ ၀င်လိုက်ပြီး တံခါးကို အမြန်ပြန်ပိတ်လိုက်တယ်။ ကိုယ့်ကိုကိုယ် ရန်သူနယ်မြေကို ချည်းနင်းဝင်ရောက်လာတဲ့ ကွန်မန်ဒို တစ်ယောက်လို သဘောထားနေရတယ်။ ဒုတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေကို ထမင်းကျွေးရာ နေရာတခု၊ အတွင်းဘက်ကို ကြည့်လိုက်တော့ ထောင်သားတွေကို တံခါးတစ်ချပ်သာ ခြားနေပြီး လှမ်းမြင်နေရတယ်။ ကျွန်တော်ရင်တွေ ခုန်နေတယ်။ ကောင်မလေးကို ရည်းစားစကားပြောတုန်းကတောင် အဲဒီလောက် ရင်မခုန်မိဘူး ..း) ။ တတိယ တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါက ထောင်သားတွေ နားနေရာ နေရာတစ်ခု။ တီဗွီတစ်လုံးနဲ့ ခုံတန်းတစ်ချို့လွဲရင် ဘာမှကို မရှိ။ နောက်ဆုံး တံခါးတစ်ချပ် ထပ်ပွင့်လာတယ်။ ဒါနောက်ဆုံးတံခါး တစ်ချပ်ပါ။ အဲဒီနောက်မှာ တာဝန်ရှိသူတွေက စစ်ဆေးအပြီးမှာ ကျွန်တော့်တို့ စနစ်တပ်ဆင်မယ် အဓိက Riser ကို သွားခွင့်ရခဲ့ပါတယ်။

အစက အဲမှာ လုပ်ဖို့ စိတ်တွေလေးနေပေမယ့် နောက်တော့ နေသားကျသွားလို့ပဲလား မသိပါဘူး။ ထောင်သားတွေကတောင် ကျွန်တော့်ကို မနက်ဆို လှမ်းနှုတ်ဆတ်ကြ .. ညနေအပြန်နှုတ်ဆတ်ကြနဲ့ အဆင်ပြေချောမွေ့ခဲ့ပါတယ်။ တကယ်တော့ သူတို့ ဘ၀က သနားဖို့ ကောင်းပါတယ်။ တသက်လုံး ဒီလိုပဲ သွားရတော့မယ်လေ။ အပြင်လောကဆိုတာ သူတို့ဘ၀အတွက် အိပ်မက်တစ်ခုပဲ ဖြစ်နေတော့မှာပါ။ သူတို့ရဲ့ ဘ၀ကံက တကယ်ကို ဆိုးလှပါတယ်ဗျာ။

အဲဒီလိုနဲ့ပဲ Block တစ်ခုပြီး တစ်ခုနဲ့ ပရောဂျက်ပြီးတယ်အထိ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။ တခြား Block တွေကတော့ ထောင်မဟုတ်ပါဘူး။ စိတ်ရောဂါသက်သက်ကုတဲ့ နေရာပါပဲ။ ဒါပေမယ့် ထောင်လိုပဲ ချူပ်နှောင်ထားရတယ်။ ဘာလို့လဲဆိုတော့ သူတို့ စိတ်ဖောက်ရင် ကြောက်ဖို့ကောင်းလို့ပါပဲ။

တချို့လူနာတွေကို နေ့ပိုင်း စောင့်ရှောက်ပေးတဲ့ NURSING HOME များလည်း ဒီဆေးရုံဝင်းထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ ကလေး မူကြိုပို့သလိုပေါ့။ မနက် မိသားစုဝင်တွေက အလုပ်မသွားခင် သူတို့ကို ဆေးရုံမှာ ထားခဲ့ပြီး ညနေမှ ပြန်လာခေါ်ကြတယ်လေ။ တချို့ဆို ဆေးရုံဝင်းထဲ ဒီအတိုင်း လျှောက်သွားနေတတ်ကြတယ်။ သူတို့ကတော့ စိတ်သိပ်မဖောက်တဲ့ သူတွေပေါ့။

ကျွန်တော် IMH မှာ လုပ်နေရင်း တစ်လလောက် အကြာမှာပေါ့ ... နေ့လည်စာ ထမင်းကို ဆေးရုံရဲ့ စားသောက်ဆိုင်တန်းမှာ စားနေရင်း လူတစ်ယောက် လမ်းလျှောက်တာကို သတိထားလိုက်မိတယ်။ သူက ရှေ့သို့ လျှောက်နေတာပါပဲ။ ဒါပေမယ့် ရှေ့ကို မရောက်ဘူး .. ခေါင်းတစ်ခြမ်းကလည်း စောင်းနေတယ် .. ငိုက်စိုက်ငိုက်စိုက်နဲ့။ အ၀တ်အစား ၀တ်ထားပုံက သေသေသပ်သပ်ပါ။ ကျွန်တော်သူ့ကို ကြည့်ပြီး “အော် .. ဒီလူက ယဉ်ယဉ်လေးနဲ့ ရူးနေတာ ထင်ပါရဲ့” လို့ ညဉ်းမိတယ်။ အဲဒီအခါ ကျွန်တော်နဲ့ ထမင်းအတူတူ စားနေကြတဲ့ စီနီယာနှစ်ယောက်က ခွက်ထိုးခွက်လန် ရီပါလေရောဗျာ။ ကျွန်တော်က ကြောင်တောင်တောင်နဲ့ပေါ့။ နောက်မှ သူတို့က “အဲဒါ လူနာမဟုတ်ဘူးကွ၊ ဒီဆေးရုံရဲ့ စီနီယာ ဒေါက်တာကွ” လို့ ပြောတော့မှ ကျွန်တော်ပါ ရီလိုက်ရတာ အူမတက်ပါပဲ။ ဆရာဝန်တွေလည်း ကြာလာတော့ လူနာတွေ ပုံစံပြောင်းလာတာပဲလား မသိဘူး။ ကျွန်တော်လည်း နောက်ဆို အဲလိုဖြစ်သွားမလားဆိုပြီး မဆီမဆိုင် တွေးပူမိပါသေးတယ်။း)

ဒီလိုနဲ့ပဲ ကျွန်တော်ဟာ ဆေးရုံပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ လူတိုင်းလိုလိုကို ရင်းနှီးလာခဲ့ပါတယ်။ လူနာတွေက အစပေါ့။ တချို့ Block တွေ ကျွန်တော်သွားပြီဆိုရင် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြ တာဗျာ.. ဘေးက ကြည့်ရင်တော့ ကျွန်တော့်ကိုပါ လူနာထင်မလားပဲ။ တစ်နေ့ သတင်းတစ်ခု ကြားလိုက်ရတယ်။ လူနာတစ်ယောက် စိတ်ဖောက်ပြီး သူနာပြုတွေကို တိုက်ခိုက်၊ တံခါးတွေ ချိုးဖြတ်ပြီး ထွက်ပြေးသွားတယ်တဲ့။ တာဝန်ရှိသူတွေလည်း ခေါင်းပူရတာပေါ့။ သူ့ကို အမြန်ဖမ်းဆီးနိုင်ဖို့ အပူတပြင်း လိုက်ကြလေရဲ့။ ဒါပေမယ့် ညမိုးချုပ်တဲ့ အထိ ရှာလို့မတွေ့ခဲ့ပါဘူး။ အဲ ... နောက်နေ့မနက်လည်းရောက်ရော အဲ့ဒီလူနာက ပြန်ရောက်လာတယ်။ အဲဒီတော့မှပဲ အားလုံးက စိတ်အေးကြရတော့တယ်။ ကျွန်တော်ထင်ပါတယ် .. သူလည်း ထွက်ပြေးပြီးမှ နေစရာနေရာကမရှိ စားစရာကလည်း မရှိတော့ နောက်ဆုံး အိမ်ပဲ ပြန်တာပဲ ကောင်းပါတယ်ဆိုပြီး ပြန်လာခဲ့တယ် ထင်တယ်။ အဲလိုမျိုး  အဖြစ်အပျက်တွေလည်း တော်တော်များ တွေ့ကြုံခဲ့ရပါတယ်။

ကျွန်တော်လည်း နေ့စဉ်မြင်နေရ ကြားနေရတဲ့ အဖြစ်အပျက်တွေကို ကြည့်ပြီး အတွေးဝင်မိပါတယ်။ ဒီနိုင်ငံကလူတွေက အလုပ်ကိုပဲ ဖိလုပ်ကြတယ်။ ငွေအတွက်ပဲ ရှင်သန်ကြရတယ်။ နေ့စဉ် စိတ်ဖိစီးမှုတွေများတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရူးကြတယ်။ အိုမင်းလာတဲ့ အခါမှာလည်း သားသမီးရဲ့ စောင့်ရှောက်မှုကို မခံကြရပါဘူး။ သားသမီးတွေက လူအိုရုံတွေကိုပဲ ပို့လိုက်ကြတာပါပဲ။ ကျွန်တော်သတိထားမိသလောက် ဒီနိုင်ငံမှာ လူအိုရုံတွေ၊ သက်ကြီးစောင့်ရှောက်ရေးစင်တာတွေ တော်တော်များကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလိုနိုင်ငံတွေမှာ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ် မလိုက်နာကြတာတွေတော်တော်များ ရှိနေကြပါလားဗျာ။

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသာလျှင် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းပြိး ကျင့်ဝတ်သီလရှိသူတွေ စောင့်ထိန်းကျသူတွေကို တွေ့နိုင်ပါသေးတယ်။ ဒီတစ်ခုအတွက်တော့ ကျွန်တော့်တို့ နိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက် ကြေနပ်နေမိပါတော့တယ်။

PS: ကျွန်တော် နောက်ဆုံးပြောချင်တာက စိတ်ဖိစီးမှုကို သိပ်မထားပါနဲ့။ ဘယ်အခက်အခဲနဲ့ပဲ ကြုံကြုံ အောင်မြင်စွာဖြေရှင်းနိုင်မှာပါ ဆိုတဲ့ စိတ်မွေးပြီး ရှေ့ဆက်ကြပါ။ အရာရာကို လွယ်လွယ်သာတွေးပြီး တဆင့်ခြင်း လုပ်သွားပါ။ ပျော်ရွှင်မှုရဲ့ အရသာကို ရှာဖွေ ဖော်ထုတ်ကြပါလို့ ထပ်လောင်းပြောချင်ပါတယ်။

လေးစားစွာဖြင့်
ညလင်းအိမ်


Sunday, January 30, 2011

“အိမ်ပြန်ကြစို့”

ကောင်းကင်မှာ အုံ့ပြာညိုမှိုင်း
ရှစ်ခွင်တိုင်းဆိုင်း ရိုင်းနေတဲ့ မိုးရယ်
တဖွဲဖွဲမို့လား အလွမ်းတစ်စုံက
အိမ်ကို တမ်းတတယ် ...။

လွတ်လပ်စွာ ပျံသန်းချင်ခဲ့တဲ့
ဂျစ်ပစီတစ်ကောင်
ခြေအစုံ လေနှင်ခဲ့တာ ကြာပြီ
ရပ်နေရတာ ပန်းတိုင်တစ်ခုပါပဲ
ဒါပေမယ့် ..
ဘ၀က မိုးရေတွေထဲမှာတောင်
ကန္တာရဆန်နေတယ် ...။

အမေရေ ...
မေတ္တာဆိုတာ မိုးရေတွေလိုပါပဲတဲ့
ကျွန်တော်တော့ သောက်လေ ငတ်မပြေနိုင်ဘူး ...
(အခုတော့ သိပါပြီ)။

ယုံကြည်မှုတွေ အောင်မြင်မှုတွေ
ဝမ်းနည်းဝမ်းသာ အဖြစ်တွေ
ခဏလောက် သော့ခတ်ခဲ့ကြပါ ..
တချိန်ချိန်တော့ ဖောက်ယူစားသုံးရအုန်းမှာပေါ့ ...

အခုတော့ ....
အခုတော့ .........
အိပ်တန်းပြန်ငှက်တို့ရေ
မိုးလေ စဲပြီဆိုရင်ဖြင့်
ငါတို့ အိမ်ပြန်ကြရအောင် ...
ဒီအချိန်ဆိုရင်
အနောက်တောင်ရိုး တလျှောက်မှာ
စံပယ်တွေလည်း အကြိုထောက်လင့်နေပြီ ...။

ညလင်းအိမ် (၃၀.၁.၁၁)

Saturday, December 25, 2010

“အလွမ်းသင့် ဒီဇင်ဘာ”


မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။

အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ
ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ ...။

ညလင်းအိမ် (၂၅.၁၂.၁၀)


ညီမလေး အေဒီ က အားဖြည့်ရေးသီပါသည်။

Sunday, December 5, 2010

“နှိုင်းယှဉ်ခြင်း ကဗျာ”

အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။

ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။

ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။

ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။

ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။

ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။

ညလင်းအိမ်
(၅.၁၂.၁၀)

Saturday, November 6, 2010

“အစွန့်ပစ်ခံ လရောင်နှင့်အတူ”

ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။

ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ် ...။

ညလင်းအိမ် (၆.၁၁.၁၀)

Sunday, October 17, 2010

“ဗလာအတိနဲ့ ကံဇာတာ ထိတဲ့အကောင်”

တိမ်တွေက ရင်ဘတ်ပေါ်မှာ လူးလွန့်
လေတွေတောင် ကျီစားနေကြတော့
ကောင်းကင်ပြတ်ရွေ့တွေကြား
အလင်းဝတ်ရုံလွှာကို ခြုံလိုက်မိတယ်

ဒါပေမယ့် မရပါဘူး ...

ရိုးအီနေတဲ့ အထီးကျန်အမှောင်ထုအောက်မှာ
အလင်းပွင့်လာဖို့ဆိုတာ
အိပ်မက်တခုလေလားပဲ ...

တကယ်တမ်းပြောရရင်
ငါ ... ဆိုတာကိုက 
ဗ လာ အ တိ နဲ့ ကံ ဇာ တာ ထိ တဲ့ အ ကောင် ...


Saturday, October 2, 2010

“တာ့တာ”

သူ ကွန်ပျူတာကို စိုက်ကြည့်နေမိတုန်းပဲ။ အဲဒီ မတိုင်ခင် အချိန်က ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမမှတ်မိတော့။ သူ ဘာလို့ ငြိမ်သက်မိနေတယ် ဆိုတာလည်း မသိတော့။ သူကြည့်နေတဲ့ စာပိုဒ်တခုရဲ့ အဆုံးမှာတော့ “တာ့တာနော်”  တဲ့။ လူတိုင်းကို သူနှုတ်ဆတ်ခဲ့ဖူးပါတယ်။ လူတိုင်းကလည်း သူ့ကို နှုတ်ဆတ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းက ဘာမှမဖြစ်ခဲ့တာ သေချာပါတယ်။ ခုတော့ သူ ... ရစ်ဝဲလာတဲ့ မျက်ရည် အစအနေတွေကို မျက်တောင်နဲ့ ပုတ်ခတ် ထုတ်လိုက်တယ်။ အဲဒီတော့မှ ပါးပြင်တောက်လျှောက် ပူနွေးသွားတဲ့ အသိနဲ့အတူ ရင်ထဲက အောင့်လာတဲ့ ခံစားချက်ကို သတိထားလိုက်မိတယ်။ ချစ်သူက သူ့ကို အပြီးတိုင် နှုတ်ဆတ်သွားပြီလေ။

ချစ်သူက ဘယ်သူ့မှ မသိတဲ့နေရာ ဘယ်သူ့မှ မရှိတဲ့နေရာကို ထွက်သွားတော့မယ်တဲ့။ အခုလာတာ နောက်ဆုံး နှုတ်ဆတ်ခြင်းပါတဲ့လေ။ အဲဒီနေရာမှာ ပန်းတွေ ရှိချင်မှ ရှိမယ်။ လိပ်ပြာတွေ ရှိချင်မှ ရှိမယ်။ မြက်ခင်းပြင်တွေ ရှိချင်မှ ရှိမယ်။ သေချာတာကတော့ ကျိန်စာတွေ မရှိဘူးတဲ့။ ချစ်သူ ချစ်တဲ့ အရာတွေ တစွန်းတစတော့ ရှိကောင်းရှိလိမ့်မယ်တော့ သူထင်မိပါတယ်။ ဒါကြောင့်လည်း ချစ်သူ ထွက်သွားတာပေါ့။ အခုမှတော့ ဘာမှမဖြစ်တော့ပါဘူးလေ။ ချစ်သူက သူ့ချစ်သူ အဖြစ်က နှုတ်ထွက်နှင့်ပြီးလေပြီပဲ။ သူ မျှော်လင့်မိခဲ့တယ် ဆိုပေမယ့် သူသိနေတာတခုက ချစ်သူက သူ့ဆီကို ဘယ်အကြောင်းအတွက်နဲ့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာလေ။

ချစ်သူရေ သွားပါ။ အဝေးဆုံးကို သွားပါ။ သံယောဇဉ်ဆိုတဲ့ ကြိုးကတောင် မတားဆီးနိုင်တော့တာပဲ။ ချစ်သူထားခဲ့တဲ့ နေရာမှာ သူနေတတ်ရတော့မှာပေါ့။ ချစ်သူရေ ချစ်တယ်ဆိုတဲ့ စကားထက်ပိုတဲ့ စကားရှိရှင် ပြောပြချင်ပါတယ်။ ခုတော့ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။ လူတစ်ယောက်အပေါ် စွဲမြဲနေတဲ့ သူ့အချစ်ကို သူကိုယ်တိုင်တောင် အံ့သြမိတယ်။ သူမေ့ပျောက်ဖို့ ကြိုးစားကြည့်တယ်။ မရဘူး။ လူတစ်ယောက်ကို မေ့နိုင်လောက်တဲ့ အကြောင်းပြချက်ကို သူ့စဉ်းစားလို့မရဘူး။ ဒါဆို သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာ သေချာပါတယ်။

ချစ်သူ စာတစ်ကြောင်းရိုက်လိုက်တိုင်း သူ့ရင်တွေ လှိုက်လှိုက်တုန်လို့ နာကျင်ရတယ်။ “အင်း” ဆိုတဲ့ စကားက လွဲရင် သူ့မှာ ဘာမှပြောစရာ မရှိတော့ပါဘူးလေ။ ဒါပေမယ့် စိတ်ထဲကတော့ ဆုတောင်း နေမိတယ်။ ချစ်သူ မင်းသွားမယ့်အရပ်မှာ ရနံ့မွှေးတဲ့ ပန်းတွေ ရှိပါစေ။ ကြည်လင်တဲ့ ရေစင်ရေသန့်တွေ ရှိပါစေ။ သာယာအေးမြတဲ့ လေပြည်တွေ ရှိပါစေ။ ချစ်သူချစ်တဲ့ ချစ်သူပိုင်ဆိုင်ချင်တဲ့ အရာတွေ ရှိပါစေ။ ချစ်သူအတွက် ... ချစ်သူအတွက် အရာအားလုံး ပြည့်စုံနေပါစေလေ။

သူမျက်လုံးတွေက မျက်ရည်တွေကို ဖောက်ထွက်ပြီး စကားလုံးတစုကို အားတင်း ရိုက်လိုက်တယ်။ “တာ့တာပါ” ... ချစ်သူကတော့ မရှိတော့ဘူးလေ။ တာ့တာ နှစ်ခွန်းကြားမှာ တစ်ကမ္ဘာ မဟုတ်သေးဘူး ကမ္ဘာအင်္သချေ ခြားနားသွားပြီလေ။  နောက်ဆုံးတော့ သူ့မှာ လွမ်းနေခွင့်တောင် မရှိတော့ဘူးလား။ သူကတော့ သတိရတိုင်း လွမ်းနေမိဦးမယ်။ လွမ်းနေမိတိုင်း သတိရနေဦးမှာပါလေ။

ခြားနားအောင် မစီမံခဲ့ပါဘူး
တို့တွေ လမ်းခွဲစရာမလိုပဲ
ကမ္ဘာအင်္သချေအောင် ဝေးကြပြီပေါ့ ...။
မဆုံနိုင်ဘူးဆိုလည်း
ကံကြမ္မာရယ် ဘေးဖယ်လိုက်ပါတော့
မျှော်လင့်ရတယ်ဆိုတာ
စိတ်တွေ ပင်ပန်းလွန်းလှပါတယ် ...။
အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်
ဆန့်ကျင်ဘက်လျှောက်ကြတာပေါ့
သံသရာတစ်ပတ်ဆုံးရင်တော့
ပြန်ဆုံချင် ဆုံနိုင်ပါသေးတယ်လေ ...။

@@@@@ ~~~~~~~ @@@@@@@
ညလင်းအိမ်
(၂.၁၀.၁၀)

Friday, September 17, 2010

“လရောင်ကို မျှော်မိတဲ့နောက်”

ညက ပွင့်အာလာပြီလား
ကြယ်ရင်ပြင်မှာ ငါဒူးထောက်နေပါတယ်
လင်းမြပါတော့
လဆီက အရောင်တွေနဲ့ဆမ်း
ငါ့ ရင် နှုတ်ခမ်းကို နမ်းကြပါ ...။

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

လရောင်က နှုတ်ဆက်ခြင်းမဲ့
ထွက်ခါသွားလေတော့
ကြယ်တွေက (ရီ)ရယ်သွေး
အတွေးခပ်ရေးရေးတွေတောင်
ငါ့ကို မကယ်နိုင်တော့ဘူး ...။

လရောင်ကို မျှော်မိတဲ့ပန်း
ဇာတ်သိမ်းမလှတဲ့ အခန်းတွေနဲ့
နောက်ဆုံးနိဂုံးချုပ်
ကိုယ်ကို ရုတ်လိုက်ရတဲ့နောက် ...

အဲလို ညတွေ ငါ့ကိုတိုက်စား
ခြားနားခြင်းတွေက များလာတယ်
မျှော်လင့်ခြင်းနဲ့
အခါခါ ဒူးထောက်
လရောင်က ရောက်မလာခဲ့ဘူး ...။

နောက်ဆုံးတော့
ဖူးရုံသာဖူးခဲ့တယ်
ပွင့်ခွင့်မရပဲ
ညတွေသာ ပွင့်အာလာတော့တယ် ...။

ညလင်းအိမ်
(၁၇.၉.၁၀)

~~~~ @@@@ ~~~~
ဘာတွေ ရေးမိမှန်းမသိသလို ဘာတွေ တွေးမိမှန်းမသိတော့ဘူး ... သေချာတာတော့ စိတ်တွေက နောက်နေတယ် ... အချိန်တွေက ပျောက်နေတယ် ...း(

Friday, September 10, 2010

“နေတတ်ရင် ကျေနပ်စရာပါ”


နှင်းတွေ စိုလက်တဲ့ လမ်းမှာ
မလျှောက်ခဲ့ဖူးဘူး
မိုးတွေ ထစ်ချုန်းတဲ့ လမ်းမှာ
ငိုကြွေးခဲ့ဖူးတယ်
နောက်ဆုံး
နွေရာသီ ဆန်သွားခဲ့တာပဲ ...။

တစ်မိုးအောက်ပေမယ့်
ကုန်းကောက်စရာ မရှိတော့
မိုးသောက်လာတဲ့ အချိန်တိုင်း
ယာယီဖြစ်လာတဲ့ ဘ၀ကို
တိုးကြောက်လာမိတယ် ...။

မတည်မြဲခြင်းဆိုတာ
ပြိုကွဲခြင်းနဲ့
ဒွန်တွဲနေတာ သိပေမယ့်
လွန်ဆွဲခဲ့မိတာ မှားသွားလား ...။

ကိုယ့်လမ်းကိုယ်လျှောက်နေပေမယ့်
ဖောက်ထားတဲ့ လမ်းမှာ
ရော်နွမ်းလာရင် မျှော်တမ်းတမိတယ်
ဒီလမ်းမှာ တွဲလျှောက်မယ့်သူ
ဘယ်ဆီမှာ ရောက်နေမလဲ ...။

တစ်ရွက်ထဲပေမယ့်
စွယ်တော်ရွက်ကို အားကျတယ်
လိုချင်တပ်မက်တာ သဘာဝဆိုလည်း
ငိုချင်ရက် လက်မတို့ကြပါနဲ့ ...။

ဘ၀မှာ နေတတ်ဖို့ဆို
ကိုယ့်ကိုကိုယ်လည်း ပျော်တော်ဆက်ရမယ်
တစ်ကိုယ်တော် ခံစားချက်တွေနဲ့
အနေတော် ပျော်ရွှင်တတ်ရမယ်
နွေလို ပူပြင်းရက်တွေမှာလည်း
လေပြေကို မျှော်လင့်တတ်ရမယ် ...။

ကဲ ... ဒါဆို
တစ်ယောက်တည်းပေမယ့်
မှောင်မဲနေတဲ့ အရိပ်ရှိသေးတယ်
အရောင်မွဲနေတဲ့ စိတ်တွေကိုလွှတ်ချ
မမြဲတဲ့  နိယာမမို့
နွေရာသီဆန်တာတောင်
နေတတ်ရင် ကျေနပ်စရာပါပဲလေ ...။

ညလင်းအိမ်
(၁၀.၉.၁၀)
~~~~ @@@@ ~~~~

Thursday, September 2, 2010

“စင်ရော်တို့ ရှိရာ”


ဟိုး ...  စင်ရော်တွေ
ပျော်စံရာ ပင်လယ်ကမ်းမှာလ
ကြင်ဖော်ကို မျှော်ကာလွမ်းနေကြတာ
လှရက်လိုက်တာ ...။

ဟိုး ...  စင်ရော်တွေ
ဖော်မောင်နှံ တသီတတန်းနဲ့
တူယှဉ်ကာ လူးလားပျံသန်း
ကမ်းနားကို တောင်ပံတွေနဲ့ နမ်းနေကြတာ
လှရက်လိုက်တာ ...။

လှိုင်းရေ တချက်အ၀င့်နှင့်
ပနံသင့်လှတဲ့ စင်ရော်
ရွှေရင်မျှော် ကမ်းစပ်နား
လာလည်သူ လူတွေကြား
ခိုဝင်ကာ နားကြတယ်ဆို ...။

အို ... လှလိုက်ပါဘိ
သဘာဝပန်းချီချယ်မှုန်း
ဒီလို ကမ်းစပ်ပုခုံးမှာ
လှိုင်းတွေက တ၀ုန်းဝုန်း
စင်ရော်တွေ တရုန်းရုန်းနဲ့
အချိန်တွေကို ကုန်ဆုံးချင်ပါရဲ့ ...။


ညလင်းအိမ်
(၂.၉.၁၀)
~~~~ @@@@ ~~~~
သူငယ်ချင်း တစ်ယောက်ရိုက်ထားတဲ့ပုံလေးကို ကြည့်ပြီး နှစ်သက်မိလို့ ကဗျာလေးနဲ့ ပုံဖော်မိပါတယ်။

Sunday, August 29, 2010

“ငါရဲ့ ရောင်နီ”



တခါတလေ တောင့်တမိတယ်
ကိုယ်လည်း လူသားတစ်ယောက်
အတွေးတွေကိုတည်
ကံနဲ့ဆောက်တဲ့ အနာဂတ်လေး
လိုချင်ပါရဲ့ ...

ဒါပေမယ့်
အိပ်မက်တွေရဲ့ ရာသီမှာပဲ
တပတ်မလည်လာတဲ့ ကံဇာတာကို
အပြစ်ဖို့ရမလား
စိတ်တွေက ဆေးတခွက်လို ခါးတယ် ...။

ကိုယ်ဖန်တီးမယ့် ဆန္ဒရပ်ဝန်းမှာ
ဘယ်သူမှ မရှိလည်း ဖြစ်ပါတယ်
ဒါပေမယ့် မိုးတွေ ညို့လာတယ်ဆို
အဲဒီ နေရာကို ရှောင်မယ်
ချုံးပွဲချ ငိုရတာ သိက္ခာကျလွန်းတယ် ...။

ကိုယ့်လက်နဲ့ ဖမ်းဆုပ်မရတဲ့ အတ္တပေမယ့်
ဒီတိုက်ပွဲမှာ အလံဖြူထောင်မယ်
မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ
ငါ ... စိတ်အသန့်ဆုံးနဲ့ လာခဲ့မယ်
ရောင်နီရယ် ကြိုလှည့်ပါ  ...။

ညလင်းအိမ်
(၂၉.၈.၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပြီးပြင်ပါသည်။