Thursday, December 1, 2011

နေ ၀င် ည နေ

နေ၀င်ညနေ
အိပ်မက်လေပြေတွေနဲ့
အပြန်လမ်းက အထီးကျန်လိုက်တာ
လွှဲသူမဲ့ လက်တစုံက
လေဟာနယ်ကို ကိုင်စုပ်ထားသမျှ
လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျူံးဝင်နေတယ် ...။

ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ
ပန်းတွေ ကြဲချလိုက်သလား
ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို
တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ်
ကြယ်တွေက ငိုလို့ပေါ့ ...။
(ကျွန်တော်ကတော့ ရပါတယ်)

အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ...
သူတို့တွေ ပျော်သလိုမျိုးပေါ့
ဂစ်တာတစ်လက်ကိုဆွဲ
သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့
သင်းကွဲတစ်ကောင်လည်း
အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။

သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။

တကယ်တော့
နေ၀င်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။

ညလင်းအိမ်
(၁.၁၂.၁၁)

4 comment[s]:

Cameron said...

တကယ်တော့....နေ၀င်ညနေဆိုတာ အနာဂတ်အတွက်ရင်ခုန်ရက်တွေတဲ့....လှတယ်...။

သဒ္ဓါလှိုင်း said...

အနာဂတ်အတွက် ရင်ခုန်ရက်တွေကို ပျော်ရွှင်ချမ်းမြေ့စွာ
ကျော်ဖြတ်နိုင်မှာပါ။
ခင်မင်တဲ့
သဒ္ဓါ

mstint said...

'နေဝင်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ' တဲ့။
နေဝင်ညနေဟာ လူသားတိုင်းအတွက် ရင်မောမှာတော့ အမှန်ပါပဲ ညလင်းအိမ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။

ကဗျာပြန်ရေးပြီဆိုတော့လည်း..(ထုံးစံအတိုင်း)Copy ..Paste ဇာတ်လမ်းပြန်စရတော့မှာပေါ့ကွယ်..ငှဲငှဲ..